လီဗာပူးအတွက် အနိုင်ဂိုးသွင်းစဉ် ရိုမီယိုကို ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်း မရှိကြောင်း အီကီတီကီ ငြင်းဆိုလာ
=====================
လီဗာပူးတိုက်စစ်မှူးဟူဂိုအီကီတီကီက စနေနေ့တုန်းက စပါးစ်အား အနိုင်ရတဲ့ပွဲတွင် လီဗာပူးအတွက် အနိုင်ဂိုးသွင်းစဉ် စပါးစ်နောက်ခံလူခရစ္စတီယန်အီကီတီကီအား ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ပြောကြားလာပါတယ်။
လီဗာပူးဟာ ယင်းပွဲစဉ်တွင် အလက်ဇန္ဒားအီဆက်ခ်က ဖလိုရီယန်ဝါ့ဇ်ရဲ့ ဖန်တီးမှုကနေ ဦးဆောင်ဂိုးရရှိပြီးနောက် အီကီတီကီက ခေါင်းတိုက်ကာ ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။ ရီချက်လီဆင်က စပါးစ်အတွက် ချေပဂိုးသွင်းခဲ့ပေမယ့်လည်း လီဗာပူးတို့ မာဆေးဆိုက်အပြန်တွင် အနိုင် ၃ မှတ်ဖြင့် ရယူနိုင်ခဲ့ပါတယ်။
အီကီတီကီဟာ ဖရမ်းပေါင်ရဲ့ ဖြတ်တင်ဘောကနေ ဂိုးသွင်းလာခဲ့တာ ဖြစ်ပြီး နောက်ဆုံး ၃ ပွဲတွင် ၅ ဂိုးမြောက်သွင်းလာခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါပွဲစဉ်တွင် စပါးစ်ဟာ ဇာဗီးဆိုင်မွန် အနီကတ်ပြထုတ်ပယ်ခံရမှုကြောင့် ပထမပိုင်းကတည်းက တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပြီး ပွဲပြီးခါနီးတွင် ခရစ္စတီယန်ရိုမီယို အထုတ်ခံရမှုကြောင့် ၉ ဦးတည်းဖြင့် ကစားခဲ့ရပါတယ်။
ပွဲအပြီးတွင် စပါးစ်နည်းပြသောမတ်စ်ဖရန့်က ခရစ္စတီယန်ရိုမီယိုမှာ အီကီတီကီ ခေါင်းတိုက်ဂိုးသွင်းစဉ် သူ့အား ပြစ်ဒဏ်ကျူးလွန်မှုအား ဒိုင်လူကြီးကို စောဒကတက်ခဲ့မှုကြောင့် ပထမအဝါကတ်မှားယွင်းပြသခြင်းခံခဲ့ရရာမှာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဆိုသွားပါတယ်။
ဒါပေမယ့် အီကီတီကီက "ဒါက ပွဲရဲ့အစိတ်အပိုင်းတစ်ရပ်ပါ။ သူက နောက်ခံလူ၊ ကျွန်တော်က တိုက်စစ်မှူးတစ်ဦးပါ။ ကျွန်တော်က သူ့ထက် ဖြတ်တင်ဘောကို ဆုံးဖြတ်ရာမှာတော်တယ်။ ကျွန်တော် လက်ဦးမှု ရယူနိုင်ခဲ့တယ်။ ဒါကြောင့်လည်း ဂိုးသွင်းနိုင်ခဲ့တာ။ ဒါက ကျွန်တော့်အမြင်ပါ။ ကျွန်တော့်အမြင်ပြောရရင် အရမ်းကောင်းတဲ့ ဖြတ်တင်ဘောပါ။ ကံကောင်းတဲ့ ခေါင်းတိုက်ချက်ပေါ့။ ဒါပေမယ့် မှန်မှန်ကန်ကန် လုပ်နိုင်ခဲ့တယ်"လို့ ပြောကြားသွားပါတယ်။