ဆီးရီးယားရှိ အိုင်အက်စ်ပစ်မှတ်တွေကို အမေရိကန်စစ်တပ် လေကြောင်းအကြီးအကျယ် တိုက်ခိုက်
ဆီးရီးယားနိုင်ငံရှိ အမေရိကန်တပ်ဖွဲ့တွေ သေဆုံးစေခဲ့တဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်စစ်တပ်ဟာ ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့ပစ်မှတ်တွေကို လေကြောင်း တိုက်ခိုက်မှု အကြီးအကျယ် ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ ၊ လက်နက်ကြီးတွေနဲ့အတူ ဆီးရီးယားအလယ်ပိုင်း နေရာအများအပြားရှိ ပစ်မှတ် ၇၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ဂျော်ဒန်နိုင်ငံမှ လေယာဉ်တွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
အိုင်အက်စ်အဖွဲ့ရဲ့ အခြေခံအဆောက်အအုံတွေနဲ့ လက်နက်နေရာထားရှိရာနေရာတွေကို ပစ်မှတ်ထားပြီး တိကျစွာပစ်ခတ်နိုင်တဲ့ လက်နက်ခဲယမ်း ၁၀၀ ကျော်ကို အသုံးပြုခဲ့တယ်လို့ ပြောပါတယ်။
ပါလ်မိုင်ရာမြို့မှာ ဒီဇင်ဘာ ၁၃ ရက်နေ့က အမေရိကန်စစ်သားနှစ်ယောက်နဲ့ အမေရိကန်အရပ်သား စကားပြန်တယောက် သေဆုံးခဲ့တဲ့ အိုင်အက်စ်တို့ရဲ့ ချုံခိုတိုက်ခိုက်မှုအပြီးမှာ အိုင်အက်စ်တို့ရဲ့ အမာခံနေရာတွေကို အပြင်းအထန် လက်တုံ့ပြန်တိုက်ခိုက်မယ်လို့ သတိပေးခဲ့ပါတယ်။
Operation Hawkeye Strike လို့အမည်ပေးထားတဲ့ ဒီစစ်ဆင်ရေးကို သောကြာနေ့ အရှေ့ပိုင်းစံတော်ချိန် ညနေ ၄ နာရီမှာ စတင်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။ "ဒေသတဝန်းရှိ အမေရိကန်တွေနဲ့ မိတ်ဖက်တွေကို အန္တရာယ်ပြုဖို့ ကြိုးပမ်းနေတဲ့ အကြမ်းဖက်သမားတွေကို အဆက်မပြတ် လိုက်လံရှာဖွေသွားမယ်" လို့ စစ်တပ်တာဝန်ရှိသူက ပြောပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီးဟက်ဆက်သ်ကတော့ ဒီစစ်ဆင်ရေးဟာ စစ်ပွဲတခုရဲ့အစမဟုတ်ဘဲ လက်တုံ့ပြန်တိုက်ခိုက်မှုဖြစ်တယ်လို့ ဆိုပါတယ်။ ဒီစစ်ဆင်ရေးကို ဆီးရီးယားအစိုးရက အပြည့်အ၀ ထောက်ခံခဲ့တယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။
အမေရိကန်စစ်တပ်ဟာ ရက်ကာနဲ့ ဒီယာအဇ်ဇောမြို့တွေအနီးက IS ရဲ့ တည်နေရာတွေကို ပစ်မှတ်ထားခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (OBHR) က ပြောပါတယ်။
တိုက်ခိုက်မှုအတွင် ထင်ရှားတဲ့ အိုင်အက်စ် ခေါင်းဆောင်တယောက်နဲ့ တိုက်ခိုက်ရေးသမားအများအပြား သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အိုင်အက်စ်အဖွဲ့ကတော့ ဒီကိစ္စအပေါ် မှတ်ချက်ပေးတာမျိုးမရှိသေးပါဘူး။