ထိုင်ဝမ်မှာ မီးခိုးဗုံးဖောက်ခွဲပြီး ဓါးကိုင်တိုက်ခိုက်လို့ သုံးယောက်သေ ကိုးယောက်ဒဏ်ရာရ

ထိုင်ဝမ်မြို့တော် တိုင်ပေမှာ ဓားကိုင်ဆောင်ထားသူတယောက်ရဲ့ တိုက်ခိုက်မှုကြောင့် လူသုံးယောက်ထက်မနည်း သေဆုံးပြီး ကိုးယောက်ဒဏ်ရာရရှိခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် သံသယရှိသူဟာ တိုင်ပေရဲ့ အဓိက မြေအောက်ရထားဘူတာရုံမှာ မီးခိုးဗုံးတွေ ဖောက်ခွဲပြီးနောက် အခြားဘူတာရုံတခုသို့ ထွက်ပြေးကာ လမ်းတလျှောက်ရှိ လူတွေကို ဓားနဲ့ထိုးခဲ့တယ်လို့ ထိုင်ဝမ်ဝန်ကြီးချုပ် ချိုဂျန်တိုင်က ပြောပါတယ်။
ချန်ဝမ်လို့အမည်ရတဲ့ အဲဒီသံသယရှိသူဟာ အထပ်မြင့်အဆောက်အအုံတခုမှ ပြုတ်ကျပြီးနောက် သေဆုံးသွားတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ တိုက်ခိုက်မှုရဲ့ ရည်ရွယ်ချက်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အကြမ်းဖက်မှု ဖြစ်ပွားမှုနှုန်း နည်းပါးတဲ့ ထိုင်ဝမ်မှာ ဒီလိုတိုက်ခိုက်မှုမျိုးက ရှားရှားပါးပါးဖြစ်ပါတယ်။ အလားတူဖြစ်ရပ်တခု တိုင်ပေမှာ နောက်ဆုံးဖြစ်ပွားခဲ့တာကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုကျော် ၂၀၁၄ ခုနှစ်ဖြစ်ပါတယ်။
တိုက်ခိုက်မှုဟာ ညနေခင်း အလုပ်ဆင်းချိန် ဒေသစံတော်ချိန် ညနေ ၅ နာရီ ၂၀ မိနစ်မှာ ဖြစ်ပွားခဲ့တာပါ။ လူမှုကွန်ရက်မှာ မျှဝေထားတဲ့ ဗီဒီယိုမှာတော့ ဘေ့စ်ဘောဦးထုပ်နဲ့ အနက်ရောင်အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ လူတယောက်ဟာ လူစည်ကားတဲ့ လမ်းမပေါ်မှာ မီးခိုးဗုံးတွေ ပစ်ပေါက်နေချိန် လူတွေ ထိတ်လန့်တကြား ထွက်ပြေးနေပါတယ်။
သံသယရှိသူဟာ မြေအောက်ဈေးဝယ်စင်တာမှတဆင့် မီတာ ၈၀၀ ခန့်အကွာရှိ အနီးရှိ ဇောင်ရှန် ဘူတာရုံကို ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီနောက် ဘူတာရုံအပြင်ဘက်ရှိ လမ်းပေါ်ကို ပြန်ပြေးကာ မီးခိုးဗုံးတွေကို ထပ်မံဖောက်ခွဲကာ လူတွေကို ဓားဖြင့်ထိုးခဲ့တယ်လို့ ဆိုပါတယ်။
သူဟာ အနီးရှိ စာအုပ်ဆိုင်နဲ့ ကုန်တိုက်တခုထဲကို ဝင်သွားခဲ့ပြီး ရဲတွေက သူ့ကိုဝိုင်းထားပြီးနောက် အဆောက်အအုံမှ ပြုတ်ကျခဲ့ကာ ဆေးရုံရောက်ပြီ မကြာမီ သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။