ဖရူဆို၊ ဘောလခဲနဲ့ မိုးဗြဲမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်
ကယားပြည်နယ်က ဖရူဆို၊ ဘောလခဲနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) က မိုးဗြဲမြို့နယ်တွေမှာ အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်ဟာ အဲဒီမြို့တွေမှာ နေ့စဉ်နီးပါး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသလို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေ အသုံးပြုကာ တိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
“ရွေးကောက်ပွဲ ပထမပိုင်းက နီးလာပြီ။ အဲဒီလို နီးလာတာနဲ့အမျှ အစိုးရတပ်က မဲရုံရှိရာနေရာနဲ့ အနည်းဆုံး ၅ မိုင်ပတ်လည် နေရာတွေကို နယ်မြေရှင်းလင်းတာတွေ ပြုလုပ်လာနေတာကို တွေ့ရပါတယ်။ ဒီ ကယားပြည်မှာလည်း မြေပြင်ကင်း၊ စစ်ကြောင်းထိုးတာ အပါဝင် ဒရုန်းနဲ့ ကင်းထောက်တာ၊ လက်နက်ကြီးတွေ နေရာအနှံ့ကို ခပ်စိတ်စိတ် ပစ်ခတ်တာတွေ လုပ်နေတာတွေ့ရတယ်” လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က သုံးသပ် ပြောဆိုပါတယ်။
ဒါကြောင့် မဲရုံနဲ့နီးစပ်ရာ နယ်မြေတွေက ဒေသခံ ပြည်သူတွေအနေနဲ့ ဝေဟင်နဲ့ မြေပြင်ကို အရင်ကထက် ပိုမိုပြင်ဆင် သတိထားကြစေလိုတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ အစိုးရတပ်ဟာ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ နယ်မြေရရှိဖို့အတွက် ရှမ်း - ကယားနယ်စပ် အပါအဝင် ကယားပြည်နယ် အတွင်းကို အင်အား အလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး ဒေသတွင်း လက်နက်ကိုင် တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
မနေ့ ဒီဇင်ဘာ ၁၈ ရက်၊ မနက်ပိုင်းကလည်း ရှမ်း - ကယားပြည်နယ်အစပ်က မိုးဗြဲမြို့ အနောက်ခြမ်း ကျေးရွာတွေမှာ လက်နက်ကြီး ကျရောက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒါအပြင် ဘောလခဲမြို့က အစိုးရတပ်ရဲ့ ကာကင်းနေရာတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပြီး စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ကာ အစိုးရတပ်က အဲဒီဒေသမှာ စစ်ကြောင်း လေးကြောင်းအထိ အသုံးပြုထားတယ်လို့ သိရပါတယ်။
အဲဒီ စစ်ကြောင်းတွေဟာ တပ်ဖွဲ့စည်းပုံအပြည့်နဲ့ အင်အား အများအပြား ပါဝင်နေတယ်လို့ သိရပြီး ဘော်လခဲမြို့တဝိုက်နဲ့ ဖရူဆို - ဘောလခဲ လမ်းပိုင်းကို နယ်မြေအသာစီး ရယူဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ကယားပြည်နယ်ရဲ့ စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကရင်နီပြည် တပ်မတော်က ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လာတာကို တွေ့ရပြီး အဲဒီ ကြေညာချက်မှာ အခု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့မှ လာမယ့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့အထိကို အရေးကြီးကာလအဖြစ် သတ်မှတ်လိုက်တယ်လို့ အသိပေး ဖော်ပြထားပါတယ်။
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီ လူမှုအဖွဲ့အစည်းတွေ သိစေရန်ဆိုပြီး ထုတ်ပြန်ထားတဲ့ အဲဒီအသိပေးချက်မှာ ခရစ္စမတ်ချိန်ခါ နှစ်သစ်ကူးကာလ ဖြစ်နေချိန်မှာ လူစုလူဝေးနဲ့ ဝတ်ပြု ဆုတောင်းခြင်း၊ နေထိုင်သွားလာခြင်းနဲ့ ပျော်ပွဲရွှင်ပွဲတွေ မပြုလုပ်ကြဖို့၊ သတိကြီးစွာ နေထိုင်သွားလာကြဖို့ သတိပေးထားပါတယ်။
ဒီအသိပေးချက်နဲ့ ပတ်သက်လို့ စစ်ရေး လေ့လာစောင့်ကြည့်သူတွေကလည်း ဒီးမော့ဆို (အရှေ့ခြမ်းနဲ့ အနောက်ခြမ်း)၊ လွိုင်ကော် (အရှေ့ခြမ်း)၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်း၊ မော်ချီး စတဲ့ ဒေသတွေအနေနဲ့ အခု ဒီဇင်ဘာ လကုန်အထိ လေကြောင်းအန္တရာယ် သတိပြုကြဖို့ အသိပေး ပြောကြားထားပါတယ်။
အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ကယားပြည်နယ် အတွင်းက လွိုင်ကော်၊ ဘောလခဲ၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့တို့မှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်တယ်လို့ ကြေညာထားပြီး ရွေးကောက်ပွဲ အပိုင်း (၁) မှာတော့ လွိုင်ကော်နဲ့ ဘောလခဲမြို့ကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။