1 ပတ် - ဘာသာပြန်ပါ။

စစ်ကိုင်း မြို့နယ်ငါးခုမှာ ယခုလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၅၀ ကျော် သေပြီး ၁၀၀ ကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ ယခု ဒီဇင်ဘာလ အတွင်း လေကြောင်း တိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားလာနေပြီး လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ ၅၀ ကျော် ရှိခဲ့ပြီး နဲ့ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀၀ ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁ ရက်ကနေ ဒီဇင်ဘာ ၁၉ ရက်နေ့ အထိ မြို့နယ် ငါးခုမှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ အတွင်း သေဆုံး နဲ့ ထိခိုက် ဒဏ်ရာ ရရှိခဲ့တဲ့ အရေအတွက် ဖြစ်ပါတယ်။
လေကြောင်း တိုက်ခိုက်မှုတွေက ဒီပဲယင်းမြို့နယ် ၊ ရွှေဘိုမြို့နယ် ၊ ဝက်လက်မြို့နယ် ၊ ခင်ဦးမြို့နယ် ၊ ယင်းမာပင် မြို့နယ် တွေမှာ အများဆုံး ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သေဆုံးမှု အများဆုံးနဲ့ ထိခိုက်ဒဏ်ရာ ရရှိမှုအများဆုံးက ဒီပဲယင်း နဲ့ ဝက်လက်မြို့နယ် တို့ ဖြစ်တယ်လို့ VOM က စုံစမ်းသိရှိရတဲ့ အချက်အလက် တွေအရ သိရပါတယ်။
ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ ၊ ဝက်လက်မြို့နယ် ထုံးဘိုရွာ တောင်ဘက် သန်းကုန်းတောတိုက် အနီးကို လေကြောင်း တိုက်ခိုက်ခံရ ပြီး သုံးယောက် ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဒီဇင်ဘာ ၁ ရက်နေ့ ကနေ ၁၈ ရက်အတွင်းမှာလည်း ဝက်လက်မြို့နယ် ထဲက ဆည်တော ရွာ ၊ နတ်မှော်ဦးရွာ ၊ ထုံးဘိုရွာ တောင်ဘက် သန်းကုန်းတောတိုက် ၊ ယင်းမာရွာ တို့မှာ လေကြောင်း တိုက်ခိုက်ခံရ မှုကြောင့် လူ ၁၅ ယောက် သေဆုံး ခဲ့ကာ ၃၀ ထက်မနည်း ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း မန္တလေး - မြစ်ကြီးနား လမ်းပေါ် ၊ ခင်ဦးမြို့နယ် မြေနီသျှို လမ်းဆုံရှိ စက်သုံးဆီ သိုလှောင်ရုံနဲ့ ဆီရောင်းချတဲ့ နေရာကို လေကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးသူ တယောက် နဲ့ ထိခိုက်ဒဏ်ရာ ရရှိ ခြောက်ယောက် သူတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
" မနေ့က ဖြတ်လာတော့ အဲဒီဘက်မှာ လေကြောင်း ကြဲသွားတာ တွေ့ရတယ်။ ဆီဆိုင်ကြဲ သွားတယ် သိရတယ်။ သေတာလည်း ရှိတယ် ။ ခေါင်းပြတ် ခြေပြတ်တွေလို့ ပြောကြတယ် ။ ဘယ်ရွေ့ ဘယ်လောက် သေတယ်ဆိုတာ တော့ သေချာမသိဘူး ။ " လို့ ခင်ဦးလမ်းဆုံ အနီးကနေ ဖြတ်သန်း မောင်းနှင်လာခဲ့တဲ့ ကားသမား တယောက်က ပြောပါတယ် ။
အလားတူ ဒီဇင်ဘာ ၁၇ ရက်မှာလည်း ခင်ဦးမြို့နယ် ၊ကဘွတ်ကျေးရွာမှာ လေကြောင်း တိုက်ခိုက်ခံရပြီး လေးယောက် ​သေဆုံးမှု ရှိခဲ့သလို ဒီဇင်ဘာ ၄ ရက်ကလည်း ခင်ဦးမြို့နယ် ၊ငါးတင်းကြီးရွာမှာ လေကြောင်း တိုက်ခိုက်ခံခဲ ရပြီး တယောက်သေဆုံးကာ လေးယောက် ထိခိုက်ဒဏ်ရာရ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒီပဲယင်း မြို့နယ် ၊ မရကန် ရွာမှာက ဒီဇင်ဘာ ၅ ရက်နေ့မှာ လေကြောင်း တိုက်ခိုက်ခံရ မှုကြောင့် သေဆုံးသူ ၂၀ ထက်မနည်း ရှိခဲ့ပြီး ထိခိုက် ဒဏ်ရာရရှိသူ အယောက် ၃၀ လောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
ရွှေဘိုမြို့နယ်မှာ လည်း ဒီဇင်ဘာ ၅ ရက် နဲ့ ၁၆ ရက်တို့မှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူခုနှစ်ယောက် သေဆုံးကာ ၁၁ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ယင်းမာပင် မြို့နယ် ၊ ဇီးတောရွာမှာက ဒီဇင်ဘာ ၁၅ ရက်နေ့မှာ လေကြောင်း တိုက်ခိုက်ခံရပြီး ငါးယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ ၂၀ ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ် ။
အဆိုပါ လေကြောင်း တိုက်ခိုက်မှု တွေအတွင်း လူသေဆုံး မှုအပြင် နေအိမ် အဆောက်အဦ တွေ ၊ ကား ၊ တိရိစ္ဆာန် စတဲ့ ပစ္စည်း ထိခိုက် ပျက်စီးဆုံးရှုံးမှု၊ မီးလောင် ပျက်စီးမှုတွေ ရှိခဲ့တယ် လို့သိရပါတယ်။
စစ်ကိုင်းတိုင်းထဲက နေရာ အများစုမှာ ဒေသတွင်း လက်နက်ကိုင် အဖွဲ့နဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲတွေ ဖြစ်ပွားမှု ရှိနေဆဲ ဖြစ် တယ်လို့ သိရပါတယ် ။