ဒီဇင်ဘာပိတ်ရက် ခရီးသွားမှုများလို့ ရန်ကုန်အထွက် ဇီးရိုးမိုင်မှာ ကားတွေ အချိန်ကြာမြင့်စွာ ပိတ်မိ

ဒီဇင်ဘာ ပိတ်ရက်မှာ ခရီးထွက်သူ အလွန်များတာ ကြောင့် ရန်ကုန်မြို့ အထွက်က ဇီးရိုးမိုင် ( 0 Mile) မှာ ကားတွေ အချိန်ကြာမြင့်စွာ ပိတ်မိမှု ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ကျောင်းသားတွေရဲ့ ဒီဇင်ဘာ ပိတ်ရည်ရှည် စတင်တဲ့ ဒီနေ့ ဒီဇင်ဘာ ၁၉ ရက် ၊ မနက်အစောပိုင်းက စပြီး ခရီးထွက် သူများပြားတဲ့အတွက် ဇီးရိုးမိုင် မှာ ကားတွေ အချိန် ကြာမြင့် စွာစောင့်ဆိုင်း နေရတာဖြစ်ကြောင်း ၊ ဇီးရိုးမိုင် ဂိတ်ကို ဖြတ်သန်းရဖို့အတွက် အချိန် ၃ နာရီလောက်အထိ စောင့်ဆိုင်း ခဲ့ရတယ်လို့ ခရီးထွက်သူ တ​ယောက်က ပြောပါတယ်။
" ကျွန်တော်တို့ ထွက်တာ ၄ နာရီလောက်ပါ ။ အဲဒီလောက်ကတည်းက ဇီးရိုးမိုင်မှာ ကားတန်းရှည် ပိတ်နေပြီ ။ ကားတစီးနဲ့ တစီး ကြာတယ်။ ကျွန်တော်တို့တော့ ၃ နာရီလောက် စောင့်လိုက်ရပြီးမှ ဖြတ်ခဲ့ရတယ်။ အဝင် ၊ အထွက် အကုန်ကို ကားပိတ်နေတာပါ ။ ပထမတော့ ငွေဆောင်သွားဖို့ စီစဉ်ထားခဲ့တာ မသွားဖြစ်တော့ဘဲ ပုဂံကို သွားဖို့ ခရီးထွက်လာတာ " လို့ ခရီးသွား ပြည်သူ တယောက်က ပြောပါတယ်။
ရန်ကုန် အပြင် အခြား မြို့နယ်တွေ ကလည်း အားလပ်ရက်မှာ မိသားစုလိုက် ဖြစ်စေ ၊ သူငယ်ချင်း အဖွဲ့လိုက် ဖြစ်စေ ခရီးထွက်မှု အခြေအနေက အရင်နှစ်တွေ ကထက် ပိုပြီး များလာတယ် လို့ သိရပါတယ် ။
၂၀၂၄ ခုနှစ်က စပြီး ပြည်တွင်း ခရီးသွားမှုနူန်း မြင့်လာတာ တာဖြစ်ပြီး လက်ရှိ ၂၀၂၅ ခုနှစ် အတွင်းမှာတော့ ပြည်တွင်း ခရီးသွားနူန်း ပိုပြီး မြင့်တက်လာ ခဲ့တယ်လို့ ခရီးသွားလုပ်ငန်းရှင် တယောက်က ပြောပါ တယ်။
" ပြည်တွင်း ခရီးသွားနူန်းက ခုနှစ်ထဲမှာ ပိုပြီး မြင့်တက်လာတာ တွေ့ရတယ်။ လူတွေလည်း မွန်းကြပ်လာတော့ ထွက်ပေါက် အနေနဲ့ ပိုပြီး သွားကြတယ် ထင်ပါတယ်။ နောက်ပြီး အခုသွားကြတဲ့ နေရာအများစုကလည်း အေးချမ်းတဲ့ နေရာတွေ ဆိုတော့ ပိုပြီးသွား လာကြတဲ့ သဘောပါ ။ နယ်မြေအေးချမ်းလို့သာ ခရီးသွား တာပေါ့လေ ။ မအေးချမ်းပဲ ပစ်ခတ်နေရင် ဘယ်သူက ကိုယ့်အသက် ရင်းပြီး သွားမလဲ ။ ပြည်တွင်း ခရီးစဥ်တွေက လူတန်းစား မရွေး ကိုယ်ကြိုက်တာ ရွေးချယ် သွားလို့ရတယ်။ ပြည်ပ ခရီးစဥ် ကြတော့ လူတိုင်း မသွားနိုင် ကြဘူး ။ " လို့ တယ် ။
ဒီဇင်ဘာ ပိတ်ရက်မှာ ခရီးသွားသူ အများစုဟာ ပုဂံ ၊ ချောင်းသာ ၊ ငွေဆောင် ၊ ကျိုက်ထီးရိုး ဘုရားအပါအဝင် မွန်ပြည်နယ်တွင်း ခရီးစဥ် ၊ ကလော ဒေသ ခရီးစဥ်တို့ကို သွားရောက် မှုပိုပြီး များတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ပိတ်ရက် ရှည်ကတော့ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၈ ရက်နေ့ အထိ ဖြစ်ကြောင်း ၊ ပိတ်ရည်စတင်တဲ့ ဒီကနေ့ကစပြီး ခရီးထွက်ကြ သူ တွေရှိသလို ကျန်တဲ့ ပိတ်ရက် ကာလအတွင်း ခရီးထွက်ဖို့ အတွက် လုပ်နေသူတွေ လည်း အများအပြား ရှိနေတယ်လို့ သိရပါတယ်။
" ကျိုက်ထီးရိုးကို မနက်ဖြန် သွားဖို့ လုပ်နေပါတယ်။ ။ ကားအပြတ်ငှားပြီး မိတ်ဆွေတွေ စုငှားသွား မှာပါ ။ ခရီးက ၅ ညအိပ် ၆ ရက်ကြာမှာပါ ။ ခရီးမထွက်ရတာ လည်းကြာပြီဆို တော့ ခုလို စီစဥ်ဖြစ်တာပါ ။ ကျိုက်ထီးရိုး ၊ ကျိုက္ခမီ ၊စက်စဲကမ်းခြေ အကုန်ပါတယ်။ အဲဒီဘက်က နယ်မြေလည်း အေးချမ်းလို့ သွား ဖြစ်တာပါ ။ " လို့ ခရီးသွားဖို့ စီစဥ်နေတဲ့ အစိုးရ ဝန်ထမ်းတယောက်က ပြောပါတယ်။
ဒီဇင်ဘာ ပိတ်ရက်မှာ ခရီးသွားမှုနူန်း များတဲ့ ပုဂံ ၊ ချောင်းသာ ၊ငွေဆောင် ၊ ကျိုက်ထီးရိုးဘုရား ၊ ကလော စတဲ့ဒေသတွေမှာ ဟိုတယ် နဲ့ တည်းခိုခန်း အားလုံးနီးပါးမှာ အခန်းတွေ ငှားရမ်းမှု ရှိ နေ တယ်လို့ သိရပါတယ် ။