1 ပတ် - ဘာသာပြန်ပါ။

ပရီးမီးယားလိဂ်မှာ ပြန်ကစားဖို့ စီစဉ်နေတဲ့ ရူဘင်နီဗက်စ်ကို မန်ယူနဲ့ နယူးကာဆယ်တို့ အပြိုင်ကြိုးပမ်းဖွယ်ရှိ

အယ်လ်ဟီလာအသင်းက ပေါ်တူဂီကွင်းလယ်ခံစစ်ကစားသမား ရူဘင်နီဗက်စ်ဟာ ပရီးမီးယားလိဂ်မှာ ပြန်ကစားဖို့ စီစဉ်နေပြီး မန်ယူနဲ့ နယူးကာဆယ်တို့က အပြိုင်ကြိုးပမ်းဖွယ်ရှိကြောင်း သိရပါတယ်။
ရူဘင်နီဗက်စ်(၂၈ နှစ်)ဟာ ဝုလ်ဗ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်အတွေ့အကြုံရှိထားတဲ့ ကစားသမားဖြစ်ပြီး ၂၀၂၃ နွေရာသီမှာ အယ်လ်ဟီလာအသင်းကို ပေါင်(၄၇)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာပါ။
ရူဘင်နီဗက်စ်ဟာ ဆော်ဒီလိဂ်မှာ ခြေစွမ်းပြနိုင်ပေမဲ့ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး သက်တမ်းမတိုးတော့ဘဲ ပရီးမီးယားလိဂ်ကို ပြန်ကစားဖို့ ဆန္ဒရှိနေတာပါ။
ဒါကြောင့် အယ်လ်ဟီလာအသင်းက ပေါင်သန်း(၂၀)ဝန်းကျင်နဲ့ ရောင်းထုတ်ဖွယ်ရှိတာကြောင့် ပရီးမီးယားလိဂ်အသင်းတော်တော်များများက စိတ်ဝင်စားနေကြပြီး မန်ယူနဲ့ နယူးကာဆယ်တို့လည်း ပါဝင်နေတာပါ။
မန်ယူအသင်းက ကက်စီမီရို၊ မိန်နူးနဲ့ အူဂါတေတို့ရဲ့ အနာဂတ် မသေချာတာကြောင့် ရူဘင်နီဗက်စ်ကို ချိန်ရွယ်နေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အယ်လ်ဟီလာအသင်းက လာမယ့်နွေရာသီမှာ ထပ်မံကြိုးပမ်းဖွယ်ရှိကြောင်းလည်း သတင်းထွက်နေပါတယ်။