မန်စီးတီးနည်းပြ ဂွါဒီယိုလာရဲ့နေရာ အစားဝင်မယ်ဆိုတဲ့သတင်းက (၁၀၀)ရာခိုင်နှုန်း ထင်ကြေးပေးမှုသာဖြစ်တယ်လို့ မာရက်စကာ တုံ့ပြန်
ချယ်လ်ဆီးနည်းပြ မာရက်စတာက လာမယ့်နွေရာသီမှာ မန်စီးတီးအသင်းနဲ့ ဂွါဒီယိုလာ လမ်းခွဲခဲ့ရင် ဂွါဒီယိုလာရဲ့နေရာ အစားဝင်မယ်ဆိုတဲ့သတင်းဟာ (၁၀၀)ရာခိုင်နှုန်း ထင်ကြေးပေးမှုသာ ဖြစ်တယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
စပိန်နည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားပေမဲ့ လာမယ့်နွေရာသီမှာ လမ်းခွဲနိုင်ခြေရှိကြောင်း သတင်းတွေ ထွက်လာခဲ့တဲ့အပြင် မန်စီးတီးအသင်းတာဝန်ရှိသူတွေက ဂွါဒီယိုလာနေရာ အစားထိုးဖို့ မာရက်စကာကို ရည်ရွယ်ထားတယ်ဆိုတဲ့သတင်းလည်း ထွက်လာခဲ့ပါတယ်။
အီတလီနည်းပြ မာရက်စကာဟာ ၂၀၂၂ ခုနှစ်တုန်းက မန်စီးတီးအသင်းမှာ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး မန်စီးတီးအသင်းနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေပါတယ်။
ဒါကြောင့် ဂွါဒီယိုလာရဲ့နေရာအတွက် လျာထားခံရခြင်းဖြစ်ကြောင်း သတင်းထွက်လာခဲ့တာပါ။
ဒါပေမဲ့ မာရက်စကာက ''ဒီသတင်းက ကျွန်တော့်အပေါ် သက်ရောက်မှုမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက (၁၀၀)ရာခိုင်နှုန်း ထင်ကြေးပေးမှုဆိုတာ ကျွန်တော် သိထားတာကြောင့်ပါ။ ပြီးတော့ ဒီအခိုက်အတန့်မှာ ဒီလိုအရာအတွက် အချိန်ပေးစရာမရှိပါဘူး။ ကျွန်တော်က ချယ်လ်ဆီးအသင်းနဲ့ ၂၀၂၉ ခုနှစ်အထိလည်း စာချုပ်ချုပ်ဆိုထားပါတယ်။ ကျွန်တော် ဒီအသင်းမှာ ရှိနေရတာကိုလည်း ဂုဏ်ယူပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။