ရိုးမရိပ်သာစီမံကိန်းမှ အခန်း ၉၆ ခန်းကို အိမ်ရာချေးငွေဖြင့်ရောင်းမည်
-------------------

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှာရှိတဲ့ အိမ်ခန်း‌တွေကို အတိုးနှုန်း သက်သာတဲ့ အိမ်ရာချေးငွေနဲ့ ရောင်းချပေးသွားမယ်လို့ မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကထုတ်ပြန်ပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တည်ဆောက်အကောင် အထည်ဖော်ဆောင် ရွက်ထားတဲ့ ရိုးမရိပ်သာတန်ဖိုးနည်း အိမ်ရာက ၁၂ ခန်းတွဲ ၄ ထပ် တိုက် ၂ လုံးမှ အခန်း ၉၆ ခန်း ကိုရောင်းချ သွားမှာပါ။
ဆောက်လုပ်ရေး ၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank) မှာ ၂၀၂၅ ခုနှစ် အောက်တို ဘာ ၃၁ ရက်အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း ၃၀ နဲ့ အထက် ပြည့်မီအောင်စုဆောင်းထားသူ ၂၀၉၃ ယောက် စာရင်းမှာ ပါဝင်သူတွေ စာရင်းပေးသွင်းလျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
စာရင်းပေးသွင်းတာကို DUHD Sale Housing Facebook Page Messenger ကတစ်ဆင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်ကနေ ၉ ရက်အတွင်း မနက် ၁၀ နာရီကနေ ညနေ ၃နာရီခွဲအထိ လက်ခံဆောင်ရွက်ပေးသွားမယ်လို့သိရ ပါတယ်။
စာရင်းပေးသွင်းထားတဲ့သူတွေထဲက ရောင်းချပေးနိုင်တဲ့ အခန်းအရေအတွက်အရ CHID Bank ရဲ့ တန်းစီဇယား အစောဆုံးအမှတ်စဉ်ကို မဲနှိုက်ခွင့်ပြုမယ်လို့ သိရပါတယ်။ အခန်းမဲနှိုက်တာကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၆ ရက် မှာ ဆောင်ရွက်သွားမှာဖြစ်ပြီး အခန်းဝယ်ယူခွင့်ရရှိသူက အိမ်ရာချေးငွေကို မဖြစ်မနေချေးယူရမှာဖြစ်ပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တန်ဖိုးနည်း ၊ တန်ဖိုးသင့် အိမ်ရာစီမံကိန်းတွေ နဲ့ အငှားအိမ်ရာစီမံကိန်းတွေကို ဖော်ဆောင်ပေးနေပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ ၊ ရွှေပြည်သာ ၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) ၊ သန်လျင်-ကျောက်တန်းမြို့နယ်တွေမှာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို တည်ဆောက်ရောင်းချပေးနေတယ်လို့လည်း သိရပါတယ်။