စက်ရုံဝန်ထမ်းကြို/ပို့ယာဉ် တိမ်းမှောက်၊ ၁၂ ဦးဒဏ်ရာ
ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊ မီးခွက်စျေး အောက်ထိပ်၌ ယနေ့ (ဒီဇင်ဘာ ၁၈ ရက်)နံနက် ၇ နာရီခန့်က စက်ရုံဝန်ထမ်းကြို/ပို့ယာဉ်တိမ်းမှောက်ခဲ့ရာ ၁၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
စက်ရုံဝန်ထမ်းကြို/ပို့ယာဥ်သည် တမာကုန်းဖက်မှလာကာ မီးခွက်စျေးအောက်ထိပ်အရောက် အရှိန်မထိန်းနိုင်ဘဲ စလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့အသင်းကို ဖုန်းဆက်အကူအညီ တောင်းလို့သွားရောက်ကူညီခဲ့တာပါ။ သေဆုံးသူကတော့မရှိပါဘူး။ စက်ရုံအလုပ်သမားအမျိုးသားတစ်ဦး၊ အမျိုးသမီး ၁၁ ဦးစုစုပေါင်း ၁၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်"ဟု မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
ဒဏ်ရာရရှိခဲ့သူ ၁၂ ဦးအား မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းကားဖြင့် လိူင်သာယာမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။