ငွေစက္ကူအတုနှင့် အစစ် ကွဲပြားခြားနားမှုများသိရှိစေရန် ဗဟိုဘဏ်ထုတ်ပြန်

လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုသတင်းပေးတိုင်ကြားမှုများအရ ဖမ်းဆီးရမိမှုများ မကြာခဏ တွေ့ရှိရ၍ ပြည်သူများအနေဖြင့်စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် အတုနှင့်အစစ်တို့၏ သိသာထင်ရှား စွာ ကွဲပြားခြားနားမှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေး ကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ“A4” စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြား သိမြင်နိုင်ကြောင်း သိရသည်။
ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူ မျက်မြင်သိရှိနိုင်သောအချက်များမှာ ငွေစက္ကူ၏ စက္ကူသားမှာ ကြမ်းရှရှရှိနေခြင်း၊ (ငွေစက္ကူအတုတွင်ပြောင်ချောနေပါသည်)၊
ငွေစက္ကူ ၏ရှေ့မျက်နှာစာ လက်ဝဲဘက်ထောင့် ရှိ အညိုရောင်ကနုတ်ပန်း ကို လက်ဖြင့် စမ်းသပ် ကြည့်ပါက ကြမ်းရှရှဖြစ်နေပြီး ဘေးတိုက်တိမ်းစောင်းကြည့်ခြင်း၊ အလင်းရောင်ဖြင့် ၄၅ ဒီဂရီ တိမ်းစောင်း၍ကြည့်ပါက CBM စာသားကို ပေါ်လွင်ပြတ်သားစွာ တွေ့မြင်ရခြင်း၊ (ငွေစက္ကူအတုတွင် မတွေ့ရခြင်း)၊ ငွေစက္ကူမျက်နှာပြင်ပေါ်ရှိ ဒေါင်လိုက်ရိုက်နှိပ်ထားသော ‘တစ်သောင်းကျပ်’ စာသား နှင့် တန်ဖိုး ‘၁၀၀၀၀’ ဂဏန်းများကို လက်ဖြင့်ပွတ်ဆွဲကြည့်ပါကကြမ်းရှရှရှိနေခြင်း၊ (ငွေစက္ကူ အတုတွင် ပြောင်ချောနေပါသည်)၊
ငွေစက္ကူမျက်နှာစာဘက်ရှိ ]မြန်မာနိုင်ငံတော်ဗဟိုဘဏ်} စာတမ်းကို လက်ဖြင့် ပွတ်ဆွဲကြည့်ပါက ကြမ်းရှရှရှိနေခြင်း၊ (ငွေစက္ကူအတုတွင် ပြောင်ချောနေပါသည်)၊ အလွယ်ကူဆုံးအချက်အနေဖြင့် လုံခြုံရေးကြိုးမှာ အထက်အောက် လှုပ်ရှားကြည့်ပါကအရောင်ပြောင်းလဲခြင်း၊ (ငွေစက္ကူအတုတွင် အရောင်မပြောင်းပါ)၊
ငွေစက္ကူအစစ်တွင်လုံခြုံရေးကြိုးသည်ဒေါင်လိုက်တည့်မတ်စွာမြှုပ်ထားပြီးတစ်ပိုင်းပေါ်တစ်ပိုင်း မြှုပ်ဖြင့် ထည့်သွင်းထားခြင်းကြောင့် ပေါ်နေသော အစိတ်အပိုင်းများ သည် စတုဂံကျကျ သေသပ်စွာ ရှိမနေခြင်းနှင့် ငွေစက္ကူကို အလင်းရောင်တွင်ထောင်ကြည့်ပါက တစ်ဆက်စပ်တည်းမြင်ရခြင်း၊ (ငွေစက္ကူအတု၏ လုံခြုံရေးကြိုးမှာ အပေါ်မှသေသပ်စွာ ဒေါင်ကျကျ ကပ်ထားခြင်းသာဖြစ်ပြီး အတွင်း မြှုပ်နှံထားခြင်းမရှိပါ) ဟု ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥပဒေပုဒ်မ(၁၀၁)အရ တားမြစ်ထားသော ငွေစက္ကူအတုများအား အတုမှန်းသိလျက်နှင့် သုံးစွဲခြင်းပြုလုပ်ပါကမည်သူမဆို ပုဒ်မ(၁၀၁)ပါ တားမြစ်ချက်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ(၁၀၅)အရ ထိုသူကို ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ (၁၀၂)အရ ငွေစက္ကူအတု ပြုလုပ်ခြင်း၊ အတုကို ပြည်ပမှ တင်သွင်းခြင်း သို့မဟုတ် ပြည်ပသို့တင်ပို့ခြင်းတို့ကိုကျူးလွန်ပါက မည်သူမဆို ပုဒ်မ(၁၀၂) ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ(၁၀၆)အရ ထိုသူကို အနည်းဆုံးထောင်ဒဏ် ၁၀နှစ်မှ အများဆုံး ထောင်ဒဏ်နှစ် ၂၀ အထိ ချမှတ်ခံရနိုင်ပါသည်။
ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကိုလည်းပြည်ထောင်စုဘဏ္ဍာအဖြစ် သိမ်းဆည်းရမည် ဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် ငွေစက္ကူအတုနှင့်ပတ်သက်၍ ဥပဒေနှင့် အညီ လိုက်နာကျင့်သုံးသွားပါရန်နှင့် တာဝန်ရှိသူအသီးသီးကလည်း တရားဥပဒေစိုးမိုးရေး အဖွဲ့ အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေး ထုတ်ပြန်ထားသည်။