လီဗာပူးပွဲလက်မှတ် မှောင်ခိုရောင်းချသူ ၅ ဦး အရေးယူခြင်းခံလာရ
====================
လူ ၅ ဦးတို့ဟာ လီဗာပူးအသင်းရဲ့ ပွဲလက်မှတ်များကို မှောင်ခို ရောင်းချမှုဖြင့် အရေးယူခြင်းခံလာရပါတယ်။
ယင်းလူ ၅ ဦးတို့ဟာ လီဗာပူးပွဲ လက်မှတ်များကို မရိုးမသားဝယ်ယူပြီးနောက် Seatfinder UK လို့ အမည်ပေးထားတဲ့ လက်မှတ်အရောင်းဝက်ဘ်ဆိုက်မှ တဆင့် ဈေးတင် ရောင်းချခဲ့တာလည်း ဖြစ်ပါတယ်။
၎င်းတို့ဟာ လီဗာပူးပွဲလက်မှတ်များအား ဒေသခံများထံ ပေါင် ၁၀၀၀ အထိ ဈေးတင်ရောင်းချခဲ့ကြပြီး ပေါင် ၅ သိန်းမှ ပေါင် ၁ သန်းအတွင်း ရရှိခဲ့တယ်လို့ Liverpool Crown Court တရားရုံးကြားနာမှုအရ သိရပါတယ်။
လီဗာပူးရဲ့ လက်မှတ်ရုံးတွင် အလုပ်လုပ်ခဲ့တဲ့ အသက် ၃၇ နှစ်ရှိ လူးဝစ်ဂျိမ်းစ်က ယင်းမှောင်ခိုလက်မှတ် ရောင်းချမှုတွင် အဓိကနေရာမှ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
လူးဝစ်ဂျိမ်းစ်ဟာ လက်မှတ်မှောင်ခိုရောင်းချမှုအတွက် ထောင်ဒဏ် ၂ နှစ်နှင့် ၄ လချမှတ်ခံခဲ့ရပါတယ်။
ဒါ့အပြင် လီဗာပူးလက်မှတ်ရုံးတွင်ပင် အလုပ်လုပ်ခဲ့တဲ့ အသက် ၃၄ နှစ်ရှိ ဂျိမ်းစ်ဂျွန်ဆင်ကလည်း ထောင်ဒဏ် ၂၁ လချမှတ်ခံလာရပြီး ၂ နှစ်အား ဆိုင်းငံထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။
ဒါ့အပြင် သူဟာ လျှပ်စစ်လက်ပတ်ဖြင့် ၂ လတိုင်တိုင်နေရမယ့်အပြင် နာရီ ၁၅၀ ကြာ လူမှုရေးအလုပ်များ လုပ်ရပါမယ်။
အသက် ၄၂ နှစ်ရှိ ဂျိုးဆက်ဖ်ဂျွန်ဆင်မှာ အမှု ၃ ခုဖြင့် စွဲချက်တင်ခြင်းခံခဲ့ရပြီး ထောင်ဒဏ် ၄ နှစ်ခွဲချမှတ်ခြင်းခံခဲ့ရပါတယ်။ ဒါအပြင် အသက် ၃၆ နှစ်ရှိ လီယမ်ရိုက်စ်နှင့် အသက် ၃၈ နှစ်ရှိ လီးစမစ်တို့မှာ ထောင်ဒဏ် ၂ နှစ်နှင့် ၁၀ လချမှတ်ခြင်းခံခဲ့ရပါတယ်။
၎င်းတို့ဟာ လက်မှတ်ရောင်းချတဲ့ Seatfinder UK ဝက်ဘ်ဆိုက်ကို ဒူဘိုင်းတွင် မှတ်ပုံတင်ထားပေမယ့်လည်း တကယ်တမ်းမှာတော့ မာဆေးဆိုက်၊ ကတ်ဘီရှိ ကောလိပ်ကျောင်းဝင်းတွင် ရုံးခန်းငှားကာ လုပ်နေတာလည်း ဖြစ်ပါတယ်။
၎င်းတို့ဟာ ၂၀၁၅ ခုနှစ်တွင် လီဗာပူးပွဲလက်မှတ်များကို စတင် မှောင်ခိုဈေးကွက်မှာ ရောင်းချပြီးနောက် အခြားပရီးမီးယားလိဂ်ကလပ်များရဲ့ လက်မှတ်များကိုပါ ရောင်းချလာခဲ့တာပါ။