ဆိုင်တစ်ဆိုင် အပြင်ဘက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အီကွေဒေါလက်ရွေးစင်ကစားသမား
====================

ဘာစီလိုနာစပို့တင်းစတားမာရီယိုပီနိုင်ဒါဟာ ဆိုးရွားလှတဲ့ သေနတ်ဖြင့် ပစ်ခတ်မှုတစ်ခုကြောင့် သေဆုံးသွားခဲ့ပါတယ်။
အသက် ၃၃ နှစ်ရှိ အီကွေဒေါလက်ရွေးစင်ကစားသမားဟာ ဆိုင်တစ်ဆိုင်ရဲ့အပြင်ဘက်တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ကလပ်က အတည်ပြုသွားပါတယ်။
ဒေသတွင်း မီဒီယာများရဲ့ဖော်ပြမှုအရ ပီနိုင်ဒါဟာ ဂွါယာကွီးလ်မြောက်ပိုင်း ဆိုင်တစ်ဆိုင်ရဲ့ အပြင်ဘက်တွင် သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရတာပါ။
အီကွေဒေါရဲတပ်ဖွဲ့ဟာ ယင်းတိုက်ခိုက်မှုအား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်းကိုသာ ကြေညာသွားပြီး သတ်ဖြတ်မှုရဲ့ နောက်ကွယ်မှ အကြောင်းရင်းကို တစုံတရာကို ကြေညာသွားခြင်း မရှိပါဘူး။
ပီနိုင်ဒါဟာ အီကွေဒေါလက်ရွေးစင်အသင်းအတွက် ၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်းတွင် ၉ ပွဲကစားခွင့်ရခဲ့သူ ဖြစ်ပြီး ဘရာဇီးကလပ် ဖလာမင်ဂိုတွင်လည်း ကစားခဲ့ဖူးပါတယ်။
နောက်တန်းအစွန်လူဟာ ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတို့တွင် အီကွေဒေါအတွက် ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ Independiente del Valle တွင် ကစားသမားဘဝ စတင်ခဲ့သူ ဖြစ်ပြီး ယင်းတွင် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကစားခဲ့ပါတယ်။
သူဟာ ၂၀၁၅ ခုနှစ်တွင် ဂွါယာကွီးလ်သို့ ပြောင်းခဲ့ပြီးနောက် အမှတ်ပေးဖလား ၂ ကြိမ် ရရှိရာမှာ အဓိကနေရာမှ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဒေသခံမီဒီယာများက ပီနိုင်ဒါကို မော်တော်ဆိုင်ကယ်စီးထားတဲ့ လူနှစ်ဦးက ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသွားပါတယ်။
ပစ်ခတ်ခံရချိန်တွင် ပီနိုင်ဒါနှင့်အတူ မိခင်နှင့် အခြားအမျိုးသမီးတစ်ဦးတို့လည်း ရှိနေခဲ့ပါတယ်။
ဂွါယာကွီးလ်က ပြီးခဲ့တဲ့လများတွင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကြောင့် ရာဇဝတ်ဂိုးဏ်များ ကြီးစိုးလာတဲ့ နေရာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လများအတွင်းတွင် အီကွေဒေါမှ ဘောလုံးကစားသမားများ ပစ်မှတ်ထားခြင်းခံလာခဲ့ရပါတယ်။
နိုဝင်ဘာလတုန်းက Independiente del Valle မှ အသက် ၁၆ နှစ်အရွယ်ရှိ လူငယ်ကစားသမားတစ်ဦးဟာ ဂွါယာကွီးလ်တွင် မတော်ကျည် ထိမှန်ပြီး နေအိမ်တွင် သေဆုံးသွားခဲ့ပါတယ်။