BBC Sports Personality of the Year 2025 ဆုအား ဂေါက်သမားရိုရီမက်အီရွိုင်းဆွတ်ခူး
===================
ရိုရီမက်အီရွိင်းဟာ ဂရင်းစလင်းဆွတ်ခူးနိုင်ခဲ့တဲ့အပြင် ရိုက်ဒါဖလားတွင်လည်း ဥရောပအသင်း အနိုင်ရအောင် အဓိကနေရာမှ ပါဝင်ကစားခဲ့ပြီးနောက် BBC Sports Personality of the Year 2025 ဆုအား ဆွတ်ခူးလာပါတယ်။
အသက် ၃၆ နှစ်ရှိ မြောက်အိုင်ယာလန်သားဟာ ဧပြီလတုန်းက Masters at Augusta National ဆွတ်ခူးပြီးနောက် အဓိကဆုဖလားကြီး ၄ ခုလုံး ဆွတ်ခူးနိုင်သူ ဖြစ်လာပါတယ်။
သူဟာ အဓိက ဆုကြီး ၄ ခု ဆွတ်ခူးနိုင်တဲ့ ခြောက်ယောက်မြောက် ကစားသမားဖြစ်သလို ပထမဆုံးဥရောပသားလည်း ဖြစ်လာပါတယ်။ သူ့မတိုင်မီ အမေရိကန်နိုင်ငံသားများဖြစ်ကြတဲ့ ဂီနီဆာရာဇန်၊ ဘင်ဟိုဂန်၊ ဂျက်နစ်ကလပ်စ်၊ တိုက်ဂါးဝုဒ်၊ တောင်အာဖရိကမှ ဂယ်ရီပလေယာတို့ပဲ စွမ်းဆောင်နိုင်ခဲ့တာပါ။
သူဟာ ၂၀၁၄ ခုနှစ်တုန်းက အမေရိကန်အိုးပင်း၊ အိုးပင်းနှင့် ယူအက်စ်ပီဂျီအေတို့ ဆွတ်ခူးခဲပြီးနောက် ၁၁ နှစ်အကြာတွင် အိမ်မက်ကို အကောင်အထည်ဖော်လာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါအပြင် သူဟာ ဥရောပအသင်း ၂၀၁၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရိုက်ဒါဖလား ဆွတ်ခူးရာတွင်လည်း အဓိကနေရာမှ ကူညီခဲ့ပါတယ်။
ဒါ့အပြင် သူဟာ အိုင်းရစ်အိုးပင်း၊ Players Championship နှင့် AT&T Pebble Beach Pro-Am တို့လည်း ဆွတ်ခူးခဲ့ပါသေးတယ်။
တဆက်တည်းတွင် Young Sports Personality of the Year ဆုကိုလည်း အင်္ဂလန်တိုက်စစ်မှူးမီချယ်လီအက်ဘီမန်က ဆွတ်ခူးသွားပါတယ်။
အသက် ၁၉ နှစ်ရှိ သူမဟာ ဆွစ်ဇာလန်တွင် အင်္ဂလန်အမျိုးသမီးအသင်းအား ယူရို ၂၀၂၅ ဆွတ်ခူးနိုင်အောင် ကူညီခဲ့ပြီး ပြိုင်ပွဲရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုအပြင် ဥရောပအကောင်းဆုံးလူငယ်ကစားသမားဆု(အမျိုးသမီး)တို့ကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဘီဘီစီရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းဆုကို ရိုက်ဒါဖလား ဆွတ်ခူးခဲ့တဲ့ ဥရောပအသင်းက ဆွတ်ခူးပါတယ်။
ဒါ့အပြင် ဘီဘီစီ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုအား အင်္ဂလန်အမျိုးသမီးအသင်းနည်းပြဆာရီနာဝီမန်းက ဆွတ်ခူးခဲ့ပါတယ်။ သူဟာ အင်္ဂလန်အသင်းကို ယူရို ၂ ကြိမ်ဆက် ချန်ပီယံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် BBC Sports Personality Coach of the Year ဆုအား ၂ ကြိမ်မြောက် ဆွတ်ခူးလာခဲ့တာလည်း ဖြစ်ပါတယ်။
အာဆင်နယ်နှင့် ပြင်သစ်ဂန္ထတင်တိုက်စစ်မှူးသီယာရီဟင်နရီမှာလည်း BBC Sports Personality of the Year 2025 ဆုပေးပွဲအခမ်းအနားတွင် Lifetime Achievement award ဆု ဆွတ်ခူးခဲ့ပါတယ်။
အသက် ၄၈ နှစ်ရှိ ဟင်နရီဟာ ပရီးမီးယားလိဂ်သမိုင်းတွင် အကြီးကျယ်ဆုံးတိုက်စစ်မှူးများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
သူဟာ အာဆင်နယ်အတွက် ၂ ကြိမ်ကစားစဉ်အတွင်း ၃၇၇ ပွဲကစားခဲ့ရာမှာ ၂၂၈ ဂိုးသွင်းယူပေးခဲ့ပါတယ်။
သူဟာ အာဆင်နယ်နှင့်အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ် ဆွတ်ခူးခဲ့သလို ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုလည်း ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့ကာ ပီအက်ဖ်အေတစ်နှစ်တာအကောင်းဆုံးအသင်းတွင်လည်း ၆ ရာသီဆက် ရွေးချယ်ခံခဲ့ရပါတယ်။
သူဟာ ကီဗင်ဒီဘရိုင်းနှင့်အတူ ပရီးမီးယားလိဂ်တစ်ရာသီတည်းတွင် အများဆုံးဖန်တီးနိုင်သူအဖြစ် အကြိမ် ၂၀ ဖြင့် ရပ်တည်နေပါတယ်။