4 ပတ် - ဘာသာပြန်ပါ။

ခွဲစိတ်ဆရာဝန်တစ်ဦးထံမှ ပေါင် ၇ သန်း နစ်နာကြေး ရရှိရေး တရားစွဲမှု အနိုင်ရသွားတဲ့ ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း
=======================

ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်းတစ်ဦးဟာ မလိုလားအပ်တဲ့ ခွဲစိတ်ကုသမှု ပြုလုပ်ပြီး သူ့ကို အဆင့်မြင့်ကစားသမားဘဝ အဆုံးသတ်စေခဲ့တဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးအား ပေါင် ၇ သန်းနစ်နာကြေးရလိုမှုဖြင့် တရားစွဲဆိုမှု အနိုင်ရလာပါတယ်။
အသက် ၃၉ နှစ်ရှိ ဝုဗ်စတားဟောင်းဆိုင်ဗန်အီဘင့်ဘလိတ်ခ်ဟာ ၂၀၁၃ ခုနှစ်တုန်းက အရိုးအက်ဒဏ်ရာရရှိပြီးနောက် ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်။
အင်္ဂလန်ယူ-၂၁ တိုက်စစ်မှူးဟောင်းက ယင်းမလိုလားအပ်တဲ့ ခွဲစိတ်ကုသမှုရဲ့ နောက်ဆက်တွဲအဖြစ် ပရီးမီးယားလိဂ်ကစားသမားဘဝ အဆုံးသတ်ခဲ့ရပြီး အသင်းငယ်လေးများတွင် ကျင်လည်ခဲ့ရကြောင်း ဆိုထားပါတယ်။
၂၀၁၉ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့တဲ့ အီဘင့်ဘလိတ်ခ်ဟာ နစ်နာဆုံးရှုံးခဲ့ရမှုများအတွက် ပေါင် ၇ သန်းနစ်နာကြေး ရရှိရေး ခွဲစိတ်ဆရာဝန်ပရော်ဖက်ဆာဂျိမ်းစ်ကယ်ဒါကို တရားစွဲဆိုခဲ့ပါတယ်။
အီဘင့်ဘလိတ်ခ်ဟာ ယူနိုက်တက်လူငယ်အသင်းတွင် ကစားသမားဘဝ စတင်ပြီးနောက် အသင်းငယ်လေးများတွင် ကျင်လည်ခဲ့ကာ ဝုဗ်သို့ ရောက်လာခဲ့ပါတယ်။ သူဟာ ဝုဗ်တွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကစားစဉ်အတွင်း ၁၉၃ ပွဲကစားကာ ၆၄ ဂိုးသွင်းပေးခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ၂၀၁၃ ခုနှစ်တွင် အရိုးအက်ဒဏ်ရာရရှိပြီးနောက် ပရော်ဖက်ဆားဂျိမ်းစ်ကယ်ဒါထံတွင် ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ပါတယ်။
တရားရုံးတွင် ကြားနာမှုအရ ကယ်ဒါဟာ ကစားသမားရဲ့ ခြေကျင်းဝတ်မှ အရိုးနုကို ဖယ်ရှားခဲ့ကြောင်း သိရပါတယ်။ အီဘင့်ဘလိတ်ခ်ဟာ အရိုးနုဖယ်ရှားလိုက်ပြီးနောက်ပိုင်းတွင် ပုံမှန်မဟုတ်တော့ဘဲ ကစားသမားဘဝ နိမ့်ကျလာခဲ့တာလည်း ဖြစ်ပါတယ်။
တဖက်တွင် ပရော်ဖက်ဆာကယ်ဒါကတော့ သူ့မှားယွင်းခွဲစိတ်ကုသခဲ့ခြင်း မရှိကြောင်း ငြင်းဆိုခဲ့ပါတယ်။