မြစ်ဆုံစီမံကိန်းတည်ဆောက်ရေး ဒုတပ်ချုပ်ထပ်ပြော

ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းတည်ဆောက်ရာတွင် ငလျင်ဒဏ်ခံနိုင်ရည်တိုးမြှင့်ရန်အပါအဝင် လက်ရှိပြင်ဆင်နေသည့်တည်ဆောက်ရေးလုပ်ငန်းအချက်အလက်အချို့ကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ထုတ်ဖော်ပြောဆိုလိုက်သည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံများနှင့် ယမန်နေ့(ဒီဇင်ဘာ ၁၆ ရက်)ကတွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်မှူးကြီးက မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့ကြောင်း ယနေ့ထုတ်နိုင်ငံပိုင်သတင်းစာများတွင်ဖော်ပြသည်။
မြစ်ဆုံစီမံကိန်းတည်ဆောက်ရာတွင် တမံအမျိုးအစားကို ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံအမျိုး အစားအဖြစ်တည်ဆောက်ရန်၊ တပ်ဆင်စက်အင်အား ၅၆၀၀ မဂ္ဂါဝပ်ကိုအသုံးပြုရန်မြန်မာနှင့်စီမံကိန်း လုပ်ကိုင်မည့်တရုတ်နိုင်ငံတို့အကြားဆွေးနွေးထားကြောင်း ၎င်းကပြောသည်။
ထို့ပြင် မြစ်ဆုံစီမံကိန်းငလျင်ဒဏ်ခံနိုင်ရေးအတွက် ယခင်က ၇ ဒသမ ၁ မဂ္ဂနီကျုဖြင့်တွက်ချက်ထား သော်လည်း လက်ရှိတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုပမာဏထက်ခံနိုင်ရည်ပိုရှိသည့်ဒီဇိုင်းကို ပညာရှင် များဖြင့် အကြုံပြုတွက်ချက်မည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကဆက်ပြောသည်။
နအဖ အစိုးရလက်ထက်တွင်စတင်ခဲ့သည့် ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် နောက်ဆုံး အဆင့်တည်ဆောက်ရေးလုပ်ငန်းများစတင်ရန်ပြင်ဆင်ချိန် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် နိုင်ငံတော်သမ္မတအမိန့်ဖြင့်ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
ယင်းအခြေအနေနှင့်ပတ်သက်ပြီး ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ၎င်းတိုင်းမှူးအဖြစ်ရှိနေချိန်တွင် မြစ်ဆုံစီမံကိန်းစတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး တမံတည်ဆောက်ရေးစီမံကိန်း စတင်ရန် နီးကပ်လာချိန်တွင် နိုင်ငံရေးအကျပ်အတည်းနှင့်မမျှော်မှန်းနိုင်သည့် အကြောင်းတရားများကြောင့် ရပ်တန့်ခဲ့ရကြောင်း ယမန်နေ့တွင်ပြောသည်။
လက်ရှိတွင် ပညာရှင်များဖြင့် ဆွေးနွေးထားချက်များအရ မြစ်ဆုံစီမံကိန်းတည်ဆောက်ရာတွင် ရေအောက်ကြမ်းပြင်ထိန်းညှိပေးမည့် လုပ်ငန်းများပါထည့်သွင်းထားပြီး နှစ်စဉ်မြစ်ကြီးနားမြို့ရေကြီးနစ်မြှုပ်မှုမှ ကင်းရှင်းစေမည်ဟုဆိုသည်။
ထို့ပြင် ဧရာဝတီမြစ်တလျှောက် မြစ်ဝကျွန်းပေါ်ပင်လယ်ပြင်အထိ နှစ်စဉ် နွေ၊ မိုး၊ ဆောင်း ရေပြင်အမြင့် ၁၀ မီတာအမြဲရှိပြီး ဧရာဝတီတိုင်းမှ မြစ်ကြီးနားအထိ မြစ်တွင်းသွား သင်္ဘောကြီး/သင်္ဘောငယ်များ သယ်ယူပို့ဆောင်နိုင်မည့်အပြင် ရေအောက်ကြမ်းပြင်မှထွက်ရှိသော နုန်းမြေများကိုလည်း မြစ်ဘေး တစ်လျှောက်ရှိ တောင်သူများစိုက်ပျိုးမြေအတွက် အသုံးပြုနိုင်မည်ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောသည်။
စီမံကိန်းအောင်မြင်ပါက ကုန်ထုတ်စွမ်းအားပိုမိုတိုးတက်စေမည့် လျှပ်စစ်ဓာတ်အားများရရှိရေးနှင့် ရေလမ်းကြောင်း ရာသီမရွေးအသုံးချနိုင်မည့်အခြေအနေများ ရရှိမည်ဖြစ်သည်ဟုလည်း ၎င်းကပြော သည်။
မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်ပြီး သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာဖြေရှင်းချက်များနှင့် ပြည်သူ့ ဆက်ဆံရေးလုပ်ငန်းများဆောင်ရွက်ရန်ဆိုကာ လျှပ်စစ်ဝန်ကြီးဌာနဒုဝန်ကြီးဦးဆောင်သည့်ဧရာဝတီ မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဦးဆောင်အဖွဲ့ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးက ယခုနှစ်ဩဂုတ် ၂၉ ရက်ကစတင်ဖွဲ့စည်းထားသည်။