တရုတ်ရေတပ်၏ ဖူကျန်းလေယာဉ်တင် သင်္ဘောသစ်တရုတ်(တိုင်ပေ)ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်သန်း

တရုတ်ရေတပ်၏ ခေတ်အမီဆုံး လေယာဉ်တင် သင်္ဘောသစ်ဖြစ်သော ဖူကျန်းလေယာဉ်တင် သင်္ဘောသည် ဒီဇင်ဘာ ၁၆ ရက်တွင် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ခဲ့ကြောင်း တရုတ် (တိုင်ပေ)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ယခုနှစ် နိုဝင်ဘာလအတွင်း စစ်ရေးတာဝန်များ တရားဝင် စတင်ရယူခဲ့သော ဖူကျန်းလေယာဉ် တင်သင်္ဘောသည် စစ်ရေးနှင့် နိုင်ငံရေးအရ အလွန်အကဲဆတ်သော ထိုင်ဝမ်ရေလက်ကြားကို ပထမဆုံးအကြိမ် ဖြတ်ကျော်ခဲ့ခြင်းဖြစ်သည်။
တရုတ် လေယာဉ်တင်သင်္ဘော ဖူကျန်းထိုင်ဝမ်ရေလက်ကြား ဖြတ်ကျော်မှုကို တရုတ် (တိုင်ပေ) စစ်ဘက်က စောင့်ကြည့်ခဲ့ကြောင်း သိရသည်။
ဖူကျန်းလေယာဉ်တင်သင်္ဘောသည် ရှန်ဟိုင်းမြို့ ကမ်းလွန်ရှိ ချန်ရှန်းကျွန်းသို့ သွားရောက်နေခြင်း ဖြစ်ဖွယ်ရှိပြီး ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းချိန်တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် လက္ခဏာမျိုး မတွေ့ရကြောင်း တရုတ်(တိုင်ပေ) ကာကွယ်ရေးဝန်ကြီးဌာန ကြေညာချက်တွင် ဖော်ပြထားသည်။
ဖူကျန်းလေယာဉ်တင်သင်္ဘောသည် တရုတ်လေတပ်၏ တတိယမြောက်လေယာဉ်တင် သင်္ဘော ဖြစ်ပြီး အကြီးစားလက်နက်များ တပ်ဆင်ထားသော ဂျက်တိုက်လေယာဉ်များ အဆင်း၊အတက် လုပ်နိုင်ရေးအတွက် လျှပ်စစ်သံလိုက်ပစ်လွှဲစနစ် တပ်ဆင်ထားသော လေယာဉ်တင် သင်္ဘော ဖြစ်သည်။
တရုတ်နိုင်ငံသည် ဒီဇင်ဘာ ၁၆ ရက်တွင်တရုတ်(တိုင်ပေ)အနီး ပူးတွဲလေကြောင်း ကင်းလှည့် မှုများလည်း ပြုလုပ်ခဲ့ပြီး ဂျေ-၁၀ တိုက်လေယာဉ်များနှင့် အိတ်ခ်ျ-၆ ကေ အမျိုးအစား ဗုံးကြဲလေယာဉ်များပါဝင်ခဲ့သည်။