ဗင်နီဇွဲလားမှာ ဆုံးရှုံးသွားတဲ့ ရေနံလုပ်ပိုင်ခွင့်တွေကို ပြန်တောင်းမယ်လို့ ထရမ့်ဆို

ဗင်နီဇွဲလားနိုင်ငံမှာ အရင်က အမေရိကန်ပိုင်ဆိုင်ခဲ့ပေမဲ့ အသိမ်းခံလိုက်ရတဲ့ ရေနံထုတ်လုပ်ခွင့်တွေကို ပြန်ရဖို့ ကြိုးစားသွားမယ် လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
"မှတ်မိကြသေးလား၊ သူတို့က ကျွန်တော်တို့ရဲ့ စွမ်းအင်ဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို သိမ်းသွားတာလေ။ မကြာသေးခင်ကမှ ကျွန်တော်တို့ဆီက ရေနံတွေကို ယူသွားတာ။ အဲဒါကို ကျွန်တော်တို့ ပြန်လိုချင်တယ်။ သူတို့က ဒါကို တရားမဝင် သိမ်းယူသွားတာလေ"လို့ သူက သတင်းထောက်တွေကို ပြောပြခဲ့တာပါ။
ဒါတင်မက "ဗင်နီဇွဲလားနိုင်ငံကို တောင်အမေရိက သမိုင်းမှာ အကြီးမားဆုံး ရေတပ်အင်အားစုကြီး နဲ့ ဝိုင်းထားတယ်" "သူတို့ ခိုးယူထားတဲ့ ရေနံတွေနဲ့ တခြားပိုင်ဆိုင်မှုတွေကို ဝါရှင်တန်ကို ပြန်မပေးမချင်း ဒီစစ်အင်အားက ပိုပြီးတော့တောင် ကြီးလာဦးမယ်" "ဒါဟာ သူတို့ တစ်ခါမှ မမြင်ဖူးတဲ့ အခြေအနေမျိုး ဖြစ်လာလိမ့်မယ်" စသည်ဖြင့်လဲ Truth Social လူမှုကွန်ရက်ပေါ်မှာ ထရမ့်က ရေးခဲ့ပါသေးတယ်။
အမေရိကန်က ဗင်နီဇွဲလားကို မူးယစ်ဆေးဝါး မှောင်ခိုကူးမှုတွေကို ထိထိရောက်ရောက် မနှိမ်နင်းဘူးလို့လည်း စွပ်စွဲထားပါတယ်။ New York Times သတင်းအရ ထရန့်က ဗင်နီဇွဲလားမှာ CIA ရဲ့ လျှို့ဝှက်စစ်ဆင်ရေးတွေ လုပ်ဖို့ ခွင့်ပြုထားပြီး မကြာခင်မှာ မူးယစ်ဂိုဏ်းတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ စလုပ်တော့မယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း လက်တင်အမေရိကက မူးယစ်ဂိုဏ်းတွေကို စစ်အင်အားသုံးနှိမ်နင်းဖို့ ညွှန်ကြားချက်တစ်ခုကို ထရမ့်က လက်မှတ်ထိုးခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်း ကာရစ်ဘီယံပင်လယ်ဘက်မှာ အမေရိကန်စစ်တပ်တွေ တိုးချဲ့ချထားပြီး မူးယစ်ဆေး သယ်တယ်လို့ ယူဆရတဲ့ လှေတွေကို စတင်တိုက်ခိုက်နေပါပြီ။ နိုဝင်ဘာလထဲမှာဆိုရင်လည်း နာမည်ကြီး Gerald R. Ford လေယာဉ်တင်သင်္ဘောကြီး အပါအဝင် စစ်သင်္ဘောအုပ်စုကြီးဟာ မူးယစ်ဆေးဝါး နှိမ်နင်းဖို့အတွက် အဲဒီဒေသကို ရောက်ရှိနေပြီလို့ ပင်တဂွန်က ထုတ်ပြန်ထားပါတယ်။

image