မကြာမီကျင်းပမည့် ရွေးကောက်ပွဲအတွက် ပူတာအိုမြို့၌ အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်ထား

မကြာမီကျင်းပမည့် ရွေးကောက်ပွဲအတွက် ပူတာအိုမြို့၌ အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်ထားသည်ကိုတွေ့ရှိရသည်ဟု ကချင်ပြည်နယ်၊ ပူတာအိုမြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ပူတာအိုခရိုင်/မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့များနှင့် မြို့မိမြို့ဖများအား ပူတာအိုမြို့ရှိ ဖုန်ကန်ရာဇီခန်းမ၌တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
မကြာမီကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လုံခြုံရေးဆိုင်ရာများကို သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကာ ယခုရွေးကောက်ပွဲသည် တပ်မတော်ကဦးဆောင်ကျင်းပခြင်းဖြစ်၍ ၂၀၂၀ ပြည့်နှစ်ကကျင်းပခဲ့သည့် ရွေးကောက်ပွဲကဲ့သို့ မဲမသမာမှုများမဖြစ်ပေါ်စေရန်ဆောင်ရွက်စီမံထားသည်ဟု ပြောသည်။
"ရွေးကောက်ပွဲကျင်းပပြီးမှသာ လွှတ်တော်ခေါ်ယူပြီး အသစ်ဖွဲ့စည်းမယ့်အစိုးရကို နိုင်ငံတော်တာဝန်တွေ လွှဲ ပြောင်းပေးအပ်သွားနိုင်မှာဖြစ်ပါတယ်။ ပူတာအိုမြို့က သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့စီစဉ်ဆောင်ရွက်ထားတာကိုတွေ့ရှိရပါတယ်" ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
ထို့ပြင် ပူတာအိုဒေသ၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပူတာအိုဒေသသည် ရှားပါးဆေးဖက်ဝင်ပစ္စည်းများ နိုင်ငံတကာအဆင့်မီဂရိတ်ဖုသီး၊ အမေရိကန်သံပုရာသီး၊ ဝါရှင်တန်သီးများဖြစ်ထွန်းသည့်အပြင် အိမ်နီးချင်းနိုင်ငံသို့တင်ပို့နိုင်သော ဟင်းခတ်အမွှေးအကြိုင် ရှာကော၊ ပါကောထွက်ရှိရာဒေသဖြစ်၍ နားလည်တတ်ကျွမ်းသည့် ပညာရှင်များဖြင့်ပူးပေါင်းပြီး စနစ်တကျထုတ်လုပ်တင်ပို့နိုင်ရေးဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်သည်အချက်များကိုတာဝန်ရှိသူများဖြင့် တိုင်ပင်ဆွေးနွေးတင်ပြရန်လည်း ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မှာကြားခဲ့သည်။

image