ရုရှားရဲ့ ငြိမ်းချမ်းရေးအစီအစဉ် ယူကရိန်းပြည်သူ ၇၅ ရာခိုင်နှုန်း လက်မခံ
ရုရှားရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ယူကရိန်းပြည်သူ ၇၅ ရာခိုင်နှုန်းက လုံး၀လက်မခံကြောင်း နောက်ဆုံးထုတ်ပြန်တဲ့ လူထုသဘောထားစစ်တမ်းတခုမှာ ဖော်ပြထားပါတယ်။
ဒီစစ်တမ်းကို ယူကရိန်း အပြည်ပြည်ဆိုင်ရာ လူမှုဗေဒဌာနက နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာလလယ်ကြားမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တုံ့ပြန်သူ ၇၅ ရာခိုင်နှုန်းဟာ နိုင်ငံအရှေ့ပိုင်း ဒွန်နက်စ်ဒေသက ယူကရိန်းတပ်တွေ ရုပ်သိမ်းရေးတွေပါဝင်တဲ့ ရုရှားရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
ဒါဟာ ယူကရိန်းကို လက်နက်ချခိုင်သလိုဖြစ်စေတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဖြစ်ပြီး လုံခြုံရေးအာမခံချက်များ မပါဝင်ဘူးလို့ ပြောပါတယ်။ လက်ရှိစစ်မျက်နှာတွေကို ရပ်တန့်စေပြီး ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်တွေပါဝင်တဲ့ ဥရောပနိုင်ငံတွေနဲ့ ယူကရိန်းတို့ ရေးဆွဲထားတဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကိုတော့ ၇၂ ရာခိုင်နှုန်းက ယေဘုယျအားဖြင့် လက်ခံနိုင်တယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းနဲ့ ရုရှားအကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို ကြားဝင်ညှိနှိုင်းဖို့ ကြိုးစားနေပါတယ်။ ယူကရိန်းသမ္မတ ဇီလန်ကစီကတော့ သူ့ရဲ့ ညှိနှိုင်းရေးအဖွဲ့ဟာ ငြိမ်းချမ်းရေးအဆိုပြုချက်ကို အပြီးသတ်နေပြီး ယခုသီတင်းပတ်ကုန်မှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဖွယ်ရှိတယ်လို့ ပြောပါတယ်။
အဲဒီဆွေးနွေးပွဲအပြီးမှာ သမ္မတဒေါ်နယ်ထရန့်နဲ့လည်း တွေ့ဆုံလိုတယ်လို့ သူက ဆိုပါတယ်။ ယူကရိန်းနဲ့ အမေရိကန်တို့ဟာ ဘာလင်မှာ နှစ်ရက်ကြာ ဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေးအစီအစဉ်မှာ လုံခြုံရေးအာမခံချက်တွေ တိုးတက်မှုရှိပေမယ့် နယ်မြေပြဿနာတွေကို မဖြေရှင်းနိုင်သေးဘူးလို့ ပြောပါတယ်။
ရုရှားသမ္မတပူတင်အနေနဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ငြင်းပယ်ပါက ဝါရှင်တန်ဟာ မော်စကိုအပေါ် ပိတ်ဆို့မှုတွေ တိုးမြှင့်ပြီး ယူကရိန်းအတွက် လက်နက်တွေ ပိုမိုပေးအပ်မယ်လို့ ယုံကြည်ကြောင်းလည်း ဇီလန်စကီးက ပြောပါတယ်။ လုံခြုံရေးအာမခံချက်အဖြစ် လေကြောင်းကာကွယ်ရေးနဲ့ တာဝေးပစ်ဒုံးကျည်တွေ လိုအပ်မှာဖြစ်ပြီး ဒါဟာ တရားမျှတတဲ့ တောင်းဆိုမှုဖြစ်တယ်လို့ သူက ထုတ်ဖော်ပြောကြားထားပါတယ်။