၄၈ နာရီတွင် ၂ ပွဲ ကစားမယ့် လာမယ့် ပွဲ ၂ ပွဲတွင် ကွဲပြားတဲ့အသင်း ၂ သင်းကို အသုံးပြုလာမယ့် ခရစ္စတယ်ပဲလေ့စ်
=====================

ခရစ္စတယ်ပဲလေ့စ်နည်းပြအိုလီဗာဂလပ်စ်နာက ကစားသမားများရဲ့ ကျန်းမာရေးကို အကာအကွယ်ပေးတဲ့အနေဖြင့် လာမယ့် ပွဲ ၂ ပွဲတွင် ကွဲပြားတဲ့ ပွဲထွက်လူစာရင်းဖြင့် ခင်းကျင်းကစားလာမယ်လို့ အတည်ပြုသွားပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ ယနေ့ ကြာသပတေးနေ့တွင် ကွန်ဖရင့်လိဂ်ပွဲစဉ်အဖြစ် ဖင်လန်ကလပ် KuPS နှင့် ရင်ဆိုင်ကစားရမှာ ဖြစ်ပြီး ၄၈ နာရီအကြာ စနေနေ့တွင် လိဒ်နှင့် ပရီးမီးယားလိဂ်ပွဲ ထပ်မံ ကစားရပါမယ်။
လိဒ်ပွဲကို အစောပိုင်းတုန်းက တနင်္ဂနွေနေ့တွင် ကစားရမှာ ဖြစ်ပေမယ့်လည်း ဒီဇင်ဘာလ ၂၃ ရက်နေ့ အင်္ဂါနေ့တွင် အာဆင်နယ်နှင့် ခါရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲအတွက် ပြင်ဆင်ချိန် တစ်ရက်ပိုရလာစေရန်အတွက် စနေနေ့သို့ ရွှေ့ဆိုင်းထားတာ ဖြစ်ပါတယ်။
ဂျပန်အလယ်တန်းကစားသမားဒိုင်ချီကာမာဒါမှာ တံကောက်ကြောဒဏ်ရာကြောင့် ၁၀ ပတ်ကြာ အနားယူရမယ်လို့လည်း အတည်ပြုသွားတဲ့ ဂလပ်စ်နာက တစ်သင်းတည်းဖြင့် သုံးရက်အတွင်း ၂ ပွဲကစားရန် မဖြစ်နိုင်ကြောင်း ဆိုသွားပါတယ်။
ပဲလေ့စ်ဟာ ပရီးမီးယားလိဂ်တွင် အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ကွန်ဖရင့်လိဂ်တွင် အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။ ပဲလေ့စ်အနေဖြင့် ကွန်ဖရင့်လိဂ်တွင် ထိပ်ဆုံး ၈ သင်းစာရင်းဝင်မှသာ ၁၆ သင်းရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်ရပါမယ်။
ဂလပ်စ်နာက "ဝဲလ်(ဟုချ်)နဲ့ စကားပြောခဲ့တယ်။ သူက လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဒါမျိုး ကြုံခဲ့ဖူးတယ်။ ဘောက်ဆင်ဒေး(ဒီဇင်ဘာလ ၂၆ ရက်)မှာ ကစားပြီးတဲ့နောက် ၂၈ ရက်(ဒီဇင်ဘာ)မှာ ထပ်ကစားခဲ့ရတယ်။ တခါတလေ ဒီလိုပွဲတွေလည်း ရှိတယ်။ သူ ကစားခဲ့ရတယ်။ ဒါပေမယ့် အခု ပွဲတွေရဲ့ ပြင်းထန်မှုက မြင့်တက်နေတယ်လို့ ထင်တယ်။ တစ်ကြိမ်တော့ လုပ်ကောင်းလုပ်နိုင်လိမ့်မယ်။ ဒါပေမယ့် အခု ကစားမယ့်ပွဲက ဒီရာသီ ၂၇ ပွဲမြောက်ပွဲ ဖြစ်ပါတယ်။ ဒီတော့ အနာဂတ်နဲ့ပတ်သက်ပြီး တွေးရမယ်။ ကျွန်တော်တို့ ၁၈၊ ၂၀၊ ၂၃ နဲ့ ၂၈ ရက်(ဒီဇင်ဘာ)တွေမှာ ကစားရမယ်။ ပြီးရင် ဇန်နဝါရီမှာ ၁၊ ၄၊ ၇ နဲ့ ၁၀ ရက်တွေမှာ ကစားရမယ်။ ဒီတော့ တစ်သင်းတည်းနဲ့ ကစားရင်း တာဝန်မဲ့တာ ဖြစ်သွားလိမ့်မယ်။ လုံးဝကွဲပြားတဲ့ အသင်းနှစ်သင်းနဲ့ ကစားသွားပါမယ်။ ဒါပေမယ့် ဖြစ်နိုင်ရင်တော့ မိနစ်အနည်းငယ်မျှဝေ ကစားပါမယ်။ ကျုပ်က ပထမဆုံးမိနစ်ကနေ ပွဲအပြီးအထိ အကောင်းဆုံးအသင်းနဲ့ပဲ ကစားချင်တာပါ။ ဒါပေမယ့် ကျုပ်တို့ကို ဒီလိုလုပ်ဖို့ တောင်းဆိုလာလို့ ဒီလို လုပ်ရပါမယ်"လို့ ပြောကြားသွားပါတယ်။