အေစီမီလန်နှင့် Supercoppa Italiana ပွဲစဉ်တွင် နာပိုလီတိုက်စစ်မှူးလူကာကူ ပါဝင်လာမည်
====================
ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူလာခဲ့ရတဲ့ တိုက်စစ်မှူးရိုမီလူလူကာကူဟာ အေစီမီလန်နှင့် ရင်ဆိုင်ကစားရမယ့် Supercoppa Italiana ပွဲစဉ်အတွက် နာပိုလီလူစာရင်းတွင် ပါဝင်လာပါတယ်။
ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ ၂၀၂၅-၂၆ ရာသီတွင် နာပိုလီအတွက် တစ်စက္ကန့်မျှပင် ကစားနိုင်ခြင်း မရှိသေးသူ ဖြစ်ပြီး ဆော်ဒီသို့ သွားရောက်ကစားမယ့် နာပိုလီအသင်းလူစာရင်းတွင် ပါဝင်လာပါတယ်။
အသက် ၃၂ နှစ်ရှိ ချဲလ်ဆီးနှင့် ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်တွင် ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ဒဏ်ရာကြောင့် ၁၂၄ ရက်တိုင်တိုင် အနားယူလာခဲ့ရပေမယ့် ယခုအခါ ယခုရာသီ ပထမဆုံးဆုဖလား ဆွတ်ခူးရေး ကြိုးပမ်းရမယ့် Supercoppa Italiana ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ပါဝင်ကစားလာပါမယ်။
နာပိုလီဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့ ကြာသပတေးနေ့တွင် ဆော်ဒီရှိ Al-Awwal Park Stadium ကွင်းတွင် Supercoppa Italiana ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အေစီမီလန်နှင့် ရင်ဆိုင်ကစားရပါမယ်။