အွန်လိုင်းလိမ်လည်ခံရသူ ၈၀၀ ခန့် အမှုဖွင့်တိုင်ကြားထား
မြန်မာနိုင်ငံတွင်း အွန်လိုင်းလိမ်လည်ခံရသူ ၈၀၀ ခန့်က အမှုဖွင့်တိုင်ကြားထားကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
အွန်လိုင်းလိမ်လည်မှု၏ သားကောင်မဖြစ်စေရန် အွန်လိုင်းမှတစ်ဆင့် ဖုန်းထဲသို့ ရောက်လာသည့်မိမိမသိ သည့် Link များနှင့် Message များကိုမကြည့်ရန်၊လိမ်လည်ခံရသည့်အခါ တာဝန်ရှိသူများကိုသတင်းပို့တိုင်ကြားပေးရန် ၎င်းကဆိုသည်။
အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်ပြီး ရန်ကုန်မြို့နေပြည်သူတစ်ဦးက “လိမ်တာကတော့ မျိုးစုံကြား ဖူးနေတာပါပဲ။ တချို့ကဖုန်းမဲပေါက်လို့ ဖုန်းဆက်လိမ်တာမျိုး၊ နောက်ပြီး ကိုယ့်နာမည်နဲ့ ငွေချေးထားပါ တယ်ဆိုပြီး စာတွေပို့ဆဲဆိုပြီး ငွေညစ်တာလိုမျိုး ခဏခဏကြားဖူးမြင်ဖူးနေရတာပေါ့။ အခုတယ်လီဂရမ် တွေ အသုံးများလာတော့ အဲဒီကနေ ကိုယ့်အသိတွေနာမည်နဲ့ link ပို့လာပြီး ပုံထဲကလူကမင်းလား ဆိုတာမျိုးပို့လာတာရှိတယ်။ ကိုယ်ကမသိဘဲ link ဝင်မိရင် ကိုယ့်ဒေတာတွေပါတာမျိုး၊ Kpay ဆိုလည်း code တွေမတောင်းဘဲကျလာပြီး မိနစ်ပိုင်းတွင်းမှာပဲ ပိုက်ဆံတွေအကုန်ထုတ်ခံရတာမျိုးအသိထဲမှာ လည်းကြုံဖူးတာရှိတယ်။ ဒီလိုလိမ်လည်တာတွေကိုထိထိရောက်ရောက် တကယ်အရေးယူနိုင်ရင်တော့ ကောင်းတာပေါ့ ” ဟု ပြောသည်။
မြန်မာနိုင်ငံမှအွန်လိုင်းလိမ်လည်မှု (Online Scam)အား လူအများစုအပေါ်ကျူးလွန်သည့် ကြီးလေး သည့် ရာဇဝတ်မှုများဟုသတ်မှတ်ပြီး အစိုးရကျင့်သုံးမည့်နည်းလမ်း (Method)သည် Aggressive Crackdowns Method ပြင်းပြင်းထန်ထန်နှိမ်နင်းမည့်မူဝါဒဖြစ်ကြောင်း၊ ယခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် အွန်လိုင်းလိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုတိုက်ဖျက်ရေးကြီးကြပ်မှု ဗဟိုကော်မတီကို အမျိုးသားအဆင့်၊ နိုင်ငံတော်အဆင့်ဖွဲ့စည်းခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ထို့ပြင် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစား လုပ်ငန်းများအပါအဝင် ဒုစရိုက်မှုများကိုလုပ်ကိုင်နေကြသူများ အနက် ၉၉ ဒသမ ၆ ရာခိုင်နှုန်းသည် ပြည်ပနိုင်ငံများမှဝင်ရောက်ခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှယခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်အထိ နိုင်ငံပေါင်း ၅၄ နိုင်ငံမှနိုင်ငံခြားသား ၇၀၁၉၆ ဦးကိုလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။