ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲကြေညာစာတမ်းရှင်းလင်းခြင်းနှင့် မွန်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုမိတ်ဆက်အပ်နှံပွဲ မော်လမြိုင်မြို့တွင် ပြုလုပ်
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်များအပေါ်တွင် အမြင်ကြည်သည့် ပါတီအဖွဲ့အစည်းမျိုးအား မဲပေးရွေးချယ်ရန်လိုအပ်ကြောင်း ပါတီဥက္ကဌ ဦးခင်ရီပြောကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရွေးကောက်ပွဲကြေညာစာတမ်း ရှင်းလင်းခြင်းနှင့် မွန်ပြည်နယ်မှ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်အပ်နှံပွဲကို ယနေ့(ဒီဇင်ဘာ ၁၆ ရက်)တွင် မော်လမြိုင်မြို့ Sun Shine Villa Hotel ၌ ပြုလုပ်ခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် မွန်ပြည်နယ်အတွင်း ပြည်သူ့လွှတ်တော် (၁၀)နေရာ၊ အမျိုးသားလွှတ်တော် (၁၂) နေရာ၊ ပြည်နယ်လွှတ်တော် (၂၀) နေရာ နှင့် တိုင်းရင်းသားလွှတ်တော် မဲဆန္ဒနယ် (၃) နေရာ စုစုပေါင်း မဲဆန္ဒနယ် (၄၅) နေရာလုံး ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ရွေးကောက်ပွဲကြေညာစာတမ်း ရှင်းလင်းခြင်းနှင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ မိတ်ဆက်အပ်နှံပွဲတွင် ပါတီဥက္ကဌ ဦးခင်ရီက အကြမ်းဖက်မှုများ အများအပြားရှိနေဆဲဖြစ်သည့် လတ်တလောအခြေအနေမျိုးတွင် မဲဆန္ဒရှင်ပြည်သူများ ရွေးချယ်တင်မြှောက်ပေးလိုက်သည့် အစိုးရသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းနှင့် လက်ချင်းချိတ်ပြီး ကျောချင်းကပ် ရင်ချင်းအပ်ကာ ပြည်သူလူထုနှင့် နယ်မြေလုံခြုံရေးကို ကာကွယ်နိုင်စွမ်းရှိသော၊ ကာကွယ်ပေးချင်စိတ်ဓါတ်ရှိသည့် ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများအပေါ်တွင် အမြင်ကြည်သည့် အဖွဲ့အစည်းမျိုးဖြစ်ရန်လိုအပ်ကြောင်း ပြောကြားသည်။
"ဒီနိုင်ငံမှာ အကြမ်းဖက် ဆူပူလှုပ်ရှားမှုတွေတော်တော်များပါတယ်။ ဒီလို အကြမ်းဖက်မှုတွေ မှိုလိုပေါက်နေတဲ့နိုင်ငံမှာလူတစ်ယောက်တည်းနဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့လို့ရနေတယ်။ အဲ့ဒီလိုနိုင်ငံမျိုးမှာနေရာတိုင်းမှာ အန္တရာယ်ရှိနေပါတယ်။ ဒီလိုအန္တရာယ်တွေကို ကာကွယ်ပေးနေတာက ဘယ်အဖွဲ့အစည်းလဲလို့ မေးရင် တပ်မတော်၊ ရဲတပ်ဖွဲ့ စသည်ဖြင့် နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတွေက ကာကွယ်ပေးနေတာပါ။ အကြမ်းဖက်မှုတွေအများအပြားရှိနေဆဲတဲ့ လတ်တလောအခြေအနေမျိုးမှာ မဲဆန္ဒရှင်တွေ ရွေးချယ်တင်မြှောင့်ပေးလိုက်တဲ့ အစိုးရသည် ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေနဲ့ လက်ချင်းချိတ်ပြီးတော့ ကျောချင်းကပ် ရင်ချင်းအပ်ပြီးတော့ ပြည်သူလူထုနဲ့ နယ်မြေလုံခြုံရေးကို ကာကွယ်နိုင်စွမ်းရှိတဲ့၊ စိတ်ဓါတ်တွေရှိတဲ့ ၊ ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့အစည်းတွေပေါ်မှာ အမြင်ကြည်တဲ့အဖွဲ့အစည်းမျိုးဖြစ်ဖို့ လိုအပ်ပါတယ်” ဟု ပါတီဥက္ကဌဦးခင်ရီက ပြောကြားသည်။
ထို့ပြင် အနာဂတ်ကို ဖန်တီးနိုင်မည့် တွေးခေါ်မျှော်မြင်တတ်သည့် ပညာတတ်သောသူမျိုးကိုရွေးချယ်တတ်ရမည်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြည်သူများ၏ အကျိုး၊ သားသမီးမြေးများ၏ အနာဂတ်အကျိုးကို ဖန်တီးပေးနိုင်ရန် စာပေပညာမတတ်၊ အသိပညာမရှိသူများကို မဲပေးရန်မလိုကြောင်း မဲဆန္ဒရှင်များ မဲပေးရမည့် ကိုယ်စားလှယ်လောင်းများတွင် တွေးတတ်ခေါ်တတ်သည့် ပညာအရည်အချင်းရှိ သူများကိုသာ မဲပေးရွေးချယ်သင့်ကြောင်းကို တိုက်တွန်းလိုပါကြောင်း ပါတီဥက္ကဌဦးခင်ရီက ပြောကြားသည်။
မွန်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီများဖြစ်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ ပြည်သူ့ပါတီ နှင့် အတူ ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့် ပါတီ နှစ်ပါတီ ဖြစ်သည့် မွန်ညီညွတ်ရေးပါတီနှင့် ပအိုဝ်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့မှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦးအပါအဝင် ကိုယ်စားလှယ်လောင်းစုစုပေါင်း (၂၅၆) ဦး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ထုတ်ပြန်ကြေညာချက်များအရ သိရသည်။