၁၅ ဦး သေဆုံးခဲ့သည့် ပစ်ခတ်မှုကို လုပ်ဆောင်ခဲ့သော သားအဖကို ISIS အတွေးအခေါ်က စေ့ဆော်ခဲ့သည်ဟု သြစတြေးလျဝန်ကြီးချုပ် ပြောကြား
သြစတြေးလျ၏အပြင်းထန်ဆုံးလူအစု လိုက်အပြုံလိုက်သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရသည့် ဖြစ်စဉ်တွင် ဖခင်ဆာဂျစ်အက်ခရမ်နှင့်သားဖြစ်သူနီးဗက်အက်ခရမ်တို့က ဘွန်ဒီကမ်းခြေရှိ လူအုပ်ကို ပစ်ခတ်ခဲ့ခြင်းမှာယင်း သားအဖကို “အစ္စလာမ်မစ် အတွေးအခေါ်”က စေ့ဆော်ခဲ့သောကြောင့်ဖြစ်သည်ဟု ဝန် ကြီးချုပ်အန်သိုနီအယ်ဘာနိစ်က ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဘွန်ဒီကမ်းခြေတွင် ဒီဇင်ဘာ ၁၄ ရက်က သေနတ်သမားနှစ်ဦး၏ ပစ်ခတ်မှုများကြောင့် လူ ၁၅ ဦးခန့်သေဆုံးခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြခဲ့သည်။
သြစတြေးလျနိုင်ငံပိုင် ABC ရုပ်သံ၏ ထုတ်လွှင့်မှုအရ သေနတ်သမားနှစ်ဦးသည် သားအဖတော်စပ်ပြီး ဖခင်ဖြစ်သူသည် ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ကာ သားဖြစ်သူသည် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း နယူးဆောက်ဝေးလ် ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
တိုက်ခိုက်မှုသည် သြစတြေးလျ၏ဂျူးများအကြား အထိတ်တလန့်ဖြစ်မှုကို မျိုးစေ့ချပေးရန် ပုံစံချထားခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်ဆိုသော်လည်း သေနတ်သမားတို့၏ပိုမိုနက်ရှိုင်းသော စေ့ဆော်မှုများအကြောင်းကို နည်းနည်းသာ အသေးစိတ်ကျကျသိထားရသေးသည်ဟု ဆိုသည်။