ယူနိုက်တက်က ဆော်ဒီသို့ သွားစေလိုမှုကြောင့် စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဘရူနိုဖာနန်ဒက်စ်
====================

ယူနိုက်တက်အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်က ကလပ်ဘက်က သူ့ကို ဆော်ဒီသို့ သွားစေလိုကြောင်း သိရှိခဲ့ရပြီးနောက် စိတ်မကောင်းဖြစ်ခဲ့ရကြောင်း ဆိုသွားပါတယ်။ ယူနိုက်တက်ဟာ နွေရာသီတုန်းက Al Hilal က ပေါ်တူဂီစတားအား မြင့်မားတဲ့ ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းလာချိန်တွင် ဆော်ဒီသို့ သွားစေလိုခဲ့တာလည်း ဖြစ်ပါတယ်။
Al Hilal ဘက်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ၊ တစ်ပတ်လုပ်ခ ပေါင် ၇၀၀၀၀၀ အထိ ပေးလာခဲ့ပေမယ့်လည်း ဘရူနိုဖာနန်ဒက်စ်က ဆော်ဒီသို့ ပြောင်းရန် ငြင်းဆိုပြီး ယူနိုက်တက်တွင်ပင် ဆက်ကစားရန် ဆုံးဖြတ်ခဲ့ပါတယ်။
ဖာနန်ဒက်စ်ဟာ ယူနိုက်တက်နှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး စာချုပ်အတွင်းတွင် တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းထားပါတယ်။
အောက်တိုဘာလတုန်းက ယူနိုက်တက်အတွက် ပွဲ ၃၀၀ မပြည့်မီ ဘရူနိုဖာနန်ဒက်စ်က လာမယ့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ဖူးပါတယ်။
ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်က ပိုင်တဲ့ ရုပ်သံလိုင်း Canal 11 နှင့် အင်တာဗျူးသစ်တွင် ဖာနန်ဒက်စ်က "ကလပ်ဘက်က 'မင်း သွားရင် ငါတို့အတွက် မဆိုးဘူး'လို့ ပြောလာသလို ခံစားရတယ်။ အနည်းငယ်နာကျင်ရတယ်။ နာကျင်ရတယ်ဆိုတာထက် ပိုပါတယ်။ စိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော်က ဘယ်သူမှ ဝေဖန်လို့ မရတဲ့ ကစားသမားတစ်ဦးပါ။ အမြဲတမ်း ပွဲကစားဖို့ အသင့်ရှိနေတဲ့သူ၊ အမြဲတမ်းအကောင်းဆုံးကစားပေးလာတဲ့သူပါ။ ဒီအပြောင်းအရွှေ့မှာ ထွက်ခွာနိုင်ခဲ့တယ်။ ငွေလည်း အများကြီး ရနိုင်ခဲ့တယ်။ ဒီရာသီမှုာ ဆုဖလားလည်း အများကြီး ရနိုင်ခဲ့တယ်။ ဒါပေမယ့် မသွားဖို့ ဆုံးဖြတ်ခဲ့တယ်။ မိသားစုအကြောင်းပြချက်ကြောင့်သက်သက် မဟုတ်ပါဘူး။ ဒီကလပ်အပေါ်မှာ အရမ်းချစ်လို့လည်း ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဖာနန်ဒက်စ်ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် စပို့တင်းလစ္စဘွန်းမှ ပေါင် ၄၇ သန်းဖြင့် ပြောင်းလာပြီးနောက် ယူနိုက်တက်အတွက် ၃၀၇ ပွဲကစားထားကာ ၁၀၃ ဂိုးသွင်းပြီး ၉၃ ကြိမ် ဖန်တီးထားပါတယ်။
သူဟာ ယခုရာသီတွင်လည်း ယူနိုက်တက်အတွက် ၅ ဂိုးသွင်းကာ ၇ ကြိမ် ဖန်တီးထားပါတယ်။
ဒါ့အပြင် ဖာနန်ဒက်စ်က Al Hilal သို့ မပြောင်းလိုမှုကြောင့် ထိပ်တန်းအဆင့်တွင် ဆက်ကစားလိုနေသေးတဲ့အပြင် နည်းပြရူဘင်အမိုရမ်ကလည်း အိုးထရက်ဖို့ဒ်တွင် ဆက်ကစားရန် တိုက်တွန်းမှုကြောင့် ဖြစ်ကြောင်း ဆိုသွားပါတယ်။
ဖာနန်ဒက်စ်က "ကလပ်က ကျွန်တော့်ကို ထွက်ခွာစေချင်တယ်။ မန်နေဂျာက ကျွန်တော့်ကို ဆက်ပြီးတော့ အလိုရှိနေသေးတော့ ထွက်ခွာဖို့ ဆုံးဖြတ်လာအောင် ဖိအားပေးလို့ မရဘူးလို့ ဒါရိုက်တာတွေကို ပြန်ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဘက်ကသာ ထွက်ခွာချင်မယ်ဆိုရင် မန်နေဂျာက ဆက်နေစေချင်ရင်လည်း ကလပ်ဘက်က ထွက်ခွင့်ပေးလာမှာပါ"လို့ ပြောကြားသွားပါတယ်။
ယခုအခါ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်ကို ရောင်းချရေး လုံးဝ မစဉ်းစားတော့ဘဲ ကလပ်ရဲ့ အနာဂတ်စီမံကိန်းတွင် အရေးပါတဲ့ အုတ်မြစ်အဖြစ် သတ်မှတ်ထားပြီလည်း ဖြစ်ပါတယ်။

image