တိုကျိုတိရစ္ဆာန်ဥယျာဉ်မှ ပန်ဒါဝက်ဝံနှစ်ကောင်ကို တရုတ်သို့ ပြန်လည်ပို့ရမည်ဟု ဆို
တိုကျိုမြို့တော် တိရစ္ဆာန်ဥယျာဉ်၌ ထားရှိသည့် ပန်ဒါဝက်ဝံနှစ်ကောင်ကို လာမည့်နှစ် ဇန်နဝါရီလတွင် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရမည်ဖြစ်ကြောင်း ဂျပန်မီဒီယာများက ဒီဇင်ဘာ ၁၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
တရုတ်(တိုင်ပေ)ပြဿနာကို အကြောင်းပြု၍တရုတ်နှင့် ဂျပန်တို့အကြား ဆက်ဆံရေးတင်းမာနေချိန်တွင် အထက်ပါသတင်းပေါ်ထွက်လာခြင်းဖြစ်သည်။
လိုင်လိုင်နှင့် ရှောင်ရှောင်အမည်ရှိ အဆိုပါပန်ဒါဝက်ဝံနှစ်ကောင်အား ငှားရမ်းထားသည့်ကာလမှာ ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလမှသာ ပြည့်မီဖြစ်သော်လည်း ငှားရမ်းသက်တမ်းမကုန်မီ တစ်လအလို၌ ၎င်းပန်ဒါဝက်ဝံနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရမည်ဖြစ်ကြောင်း အဆာဟိရှင်ဘွန်းသတင်းစာနှင့် အခြားဂျပန်မီဒီယာများကသတင်းထုတ်ပြန်ထားသည်။
တရုတ်အစိုးရ၏ ပန်ဒါဒစ်ပလိုမေစီလုပ်ငန်းစဉ်အရ တိုကျိုတိရစ္ဆာန်ဥယျာဉ်က ငှားရမ်းမွေးမြူခွင့်ရခဲ့သည့် လိုင်လိုင်နှင့်ရှောင်ရှောင်အပါအဝင်ပန်ဒါဝက်ဝံများသည် တရားဝင် သံတမန်ဆက်ဆံရေး စတင်ထားရှိခဲ့သည့် ၁၉၇၂ခုနှစ်မှစ၍ တရုတ်နှင့် ဂျပန်အကြား ချစ်ကြည်ရေးကို ကိုယ်စားပြုခဲ့သည့် သတ္တဝါများဖြစ်ခဲ့ကြသည်။
လိုင်လိုင်နှင့်ရှောင်ရှောင်ကို တရုတ်နိုင်ငံသို့ပြန်လည်ပေးပို့ခဲ့ရပါက တိုကျိုတိရစ္ဆာန်ဥယျာဉ်အနေဖြင့် နှစ်ပေါင်း (၅၀)အတွင်း ပထမဆုံးအကြိမ်အဖြစ် ပန်ဒါဝက်ဝံလက်မဲ့ဘ၀ရောက်ရတော့မည်ဖြစ်သည်။