ဂျာမနီတွင် ခရစ္စမတ်ဈေးတစ်ခုကို တိုက်ခိုက်ရန်ကြံစည်သူငါးဦးကို ဖမ်းဆီး
ဂျာမနီနိုင်ငံရှိ ခရစ္စမတ်ဈေးတစ်ခုတွင် လူအုပ်ထဲကားဖြင့် ဝင်တိုက်ရန် ကြံစည်ခဲ့ကြောင်း သံသယရှိ သူ ငါးဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ၁၄ ရက်တွင်ပြောသည်။
နိုင်ငံတောင်ပိုင်း ဘာဗေးရီးယားပြည်နယ်ရှိ ဈေးတစ်ခုကို ပစ်မှတ်ထားတိုက်ခိုက်မည့် အကြံအစည် အတွက် မော်ရိုကိုနိုင်ငံသား သုံးဦး၊အီဂျစ်နိုင်ငံသား တစ်ဦးနှင့် ဆီးရီးယားနိုင်ငံသားတစ်ဦးတို့အား ဖမ်းဆီးခဲ့ပြီးဘာသာရေး အစွန်းရောက်ဝါဒကိုအရင်းခံသည့် အကြံအစည်ဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ပြောသည်။
အသက် (၅၆) နှစ် အရွယ်အီဂျစ်အမျိုးသားသည် လူများကိုတတ်နိုင်သမျှ သတ်ဖြတ်ရန်၊ သို့မဟုတ် ထိခိုက်စေရန် ရည်ရွယ်ချက်နှင့်အတူ ကားဖြင့် ဝင်တိုက်ဖို့ကြံစည်သည်ဟု စွပ်စွဲခံထားရပြီး မော်ရိုကို နိုင်ငံသားများကမူ တိုက်ခိုက်မှုကိုကူညီလုပ်ဆောင်ရန် သဘောတူခဲ့ကြကြောင်း အစိုးရရှေ့နေများက ပြောသည်။
ယမန်နှစ် ဒီဇင်ဘာလက မက်ဒီဘာ့ဂ်တွင် လူခြောက်ဦး သေဆုံးခဲ့သည့်ခရစ္စမတ်ဈေး တိုက်ခိုက်မှုအပါအဝင်ခရစ္စမတ်ဈေးများ တိုက်ခိုက်ခံရမှုများကြောင့် ဂျာမနီတာဝန်ရှိသူများက အထူးသတိထားနေကြချိန်တွင်မြူးနစ်မြို့ အရှေ့မြောက်ဘက်ရှိဒင်ဂိုဖင်း- လန်ဒေါ ဒေသရှိ ဈေးတစ်ခုကို ပစ်မှတ်ထားရန် ကြံစည်ခဲ့သည်ဟုယုံကြည်ရကြောင်း ပြောသည်။
ကြံစည်ခဲ့သည့် အီဂျစ်အမျိုးသားသည် အဆိုပါဒေသရှိ ဗလီတစ်ခုတွင် နေထိုင်သူဖြစ်သည်။အသက် (၃၀)၊ (၂၈) နှင့် (၂၂)နှစ် အရွယ် မော်ရိုကိုအမျိုးသားများကိုလူသတ်မှုကျူးလွန်ရာတွင် ကူညီရန် သဘောတူခဲ့သည်ဟု စွပ်စွဲကာဖမ်းဆီးခဲ့ပြီး အသက် (၃၇) နှစ်အရွယ်ဆီးရီးယားအမျိုးသားကိုမူ ရာဇဝတ်မှုကျူးလွန်ရန် ဆုံးဖြတ်ချက်ချရာတွင်အားပေးအားမြှောက်ပြုသည်ဟု စွပ်စွဲထားသည်။
ခရစ္စမတ်ဈေးများသည်ဂျာမနီတစ်ဝန်းရှိ လူကြိုက်များသည့်ဆွဲဆောင်မှုနေရာများ ဖြစ်သည်။၂၀၁၆ ခုနှစ်က ဘာလင်တွင်အမျိုးသားတစ်ဦးက ဈေးရှိ လူအုပ်ထဲသို့ ထရပ်ကားတစ်စီး မောင်းနှင်ဝင် ရောက်ခဲ့မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း မကြာသေးမီနှစ်များအတွင်း ပွဲလမ်းသဘင်များတွင်အာဏာပိုင်များက လုံခြုံရေးတိုးမြှင့်ခဲ့သည်။