သပိတ်ကျင်းမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ အစိုးရတပ်နဲ့ ဒေသတွင်း လက်နက်ကိုင်တပ်တွေ တိုက်ပွဲ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အစိုးရစစ်ကြောင်းဟာ မနေ့ ဒီဇင်ဘာလ ၁၄ ရက်က သပိတ်ကျင်းမြို့နယ်၊ ၇ မိုင် ကျေးရွာဘက်ကနေ အင်အား အများအပြားနဲ့ ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ သိရပြီး ဇရပ်ကွင်းကျေးရွာ အရောက်မှာ ဒေသတွင်း လက်နက်ကိုင်တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“အဲဒီတိုက်ပွဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ဆုတ်ခွာလိုက်ရတဲ့အတွက် အစိုးရတပ်က ဇရပ်ကွင်းရွာကို ထိန်းချုပ်နိုင်သွားတယ်။ အခုတော့ ဇရပ်ကွင်းရဲ့ အရှေ့ဘက်မှာရှိတဲ့ အုံးဇုံးရွာအထိ ရောက်လာပြီ။ လက်ရှိမှာ လိပ်ကျနဲ့ ကွင်း (၃၀) ရွာတွေကို ဆက်ပြီး ထိုးစစ်ဆင်နေတယ်” လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
လက်ရှိ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ အစိုးရ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ အသိပေး ဖော်ပြချက်မှာလည်း သပိတ်ကျင်းက ဇရပ်ကွင်းကျေးရွာအထိ အစိုးရတပ်တွေ ပြန်လည် ထိန်းချုပ်နိုင်ပြီ ဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဒါကြောင့် သပိတ်ကျင်းကနေတဆင့် စဉ့်ကူးမြို့ဘက်ကို တောက်လျှောက် ဆက်သွားရာ လမ်းကြောင်းပေါ်မှာရှိတဲ့ လိပ်ကျ၊ ချောင်းကြီး၊ ကျည်တောက်ပေါက် စတဲ့ ကျေးရွာတွေကိုလည်း မကြာခင် ပြန်လည် ထိန်းချုပ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။
“စဉ့်ကူးမြို့၊ လက်ပန်လှကျေးရွာကို သိမ်းပိုက်ပြီး ဆင်းလာမယ့်အဖွဲ့တွေနဲ့ ဇရပ်ကွင်းက တက်လာမယ့်အဖွဲ့တွေ နှစ်ဖက်ညှပ်ပိတ်ပြီး တိုက်ပွဲ ဖော်ဆောင်နေတာ ဖြစ်တဲ့အတွက် ဒေသတွင်း လက်နက်ကိုင် တပ်တွေရဲ့ စခန်းတွေ၊ သူတို့တွေရဲ့ အမာခံရွာတွေ အနှေးနဲ့အမြန် အကုန် ကုန်မှာပဲ။ မန္တလေးကနေ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ် ကျေးရွာအထိတော့ မကြာခင်အတောအတွင်း လက်နက်ကိုင်တပ်တွေ ကင်းစင်ပါတော့မယ်” လို့ အစိုးရ စစ်ရေးသတင်းရင်းမြစ်က အသိပေး ရေးသားထားပါတယ်။
ဒါအပြင် မနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ တိုက်ပွဲအတွင်းမှာ ဇရပ်ကွင်းရွာအနီးက မန္တလေး - မတ္တရာ - သပိတ်ကျင်း - မိုးကုတ်သွား ကားလမ်းမပေါ်ရှိ ဇရပ်ကွင်းနဲ့ လိပ်ကျရွာကို ဆက်သွယ်ထားတဲ့ ကျေးရွာချင်းဆက် သံကူကွန်ကရစ် တံတားတစင်း မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အစိုးရတပ် တာဝန်ရှိသူတွေရဲ့ မနေ့ ဒီဇင်ဘာ ၁၄ ရက် သတင်းထုတ်ပြန်ချက်မှာ တံတား ဖျက်ဆီးမှုကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
သပိတ်ကျင်း မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ မနေ့ မနက် ၁၀ နာရီ၊ မိနစ် ၅၀ ဝန်းကျင်က အဲဒီမြို့ရဲ့ တောင်ဘက် မီတာ ၇၀၀၀ ခန့်အကွာရှိ ဇရပ်ကွင်းကျေးရွာအနီး ရောက်ရှိချိန် လက်နက်ကိုင်တပ်တွေက လက်နက်ငယ်တွေနဲ့ စတင်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင် တပ်တွေဟာ ဇရပ်ကွင်းကျေးရွာရဲ့ တောင်ဘက်ကို ဆုတ်ခွာ ထွက်ပြေးချိန်မှာ အဲဒီ ကျေးရွာအနီးက တံတားအရှည် ပေ ၈၀ ၊ အကျယ် ၁၅ ပေရှိ သံကူ ကွန်ကရစ်တံတားကို မိုင်းထောင် ဖောက်ခွဲခဲ့တဲ့အတွက် တံတားအောက်ခြေတိုင်တွေ ပြိုကျပျက်စီးခဲ့ပြီး လူနဲ့ ယာဉ်တွေ ဖြတ်သန်းသွားလာလို့မရ ဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေဘက်ကတော့ သပိတ်ကျင်းမြို့ရဲ့ လတ်တလော စစ်ရေးအခြေအနေ၊ သံကူကွန်ကရစ်တံတား မိုင်းခွံရမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
လက်ရှိမှာ တိုက်ပွဲတွေကြောင့် လိပ်ကျ၊ ရေထွက်၊ ကမ်းပါးနီ၊ ကျောက်ဖြူ၊ အုံးဇုံး၊ ကွင်း (၃၀)၊ ကွင်း (၂၉) စတဲ့ ကျေးရွာတွေက ဒေသခံလူဦးရေ သောင်းနဲ့ချီ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ်က ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့ကို အခု ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှာ အစိုးရတပ်တွေက ပြန်လည် သိမ်းပိုက်ထားတာဖြစ်ပြီး လက်ရှိမှာ အဲဒီမြို့ရဲ့ တောင်ဘက်ခြမ်းကို ဆက်လက် ရယူနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါအပြင် မန္တလေး - မတ္တရာ - ဖော့တော့ - မိုးကုတ် လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်ရေး ဖော်ဆောင်လျက်ရှိတာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၄ ရက်နေ့က ဖော့တော့ကျေးရွာ လမ်းဆုံကို ဆက်လက် သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။