နံရိုးကျိုးပြီး အဆုတ်ကို စိုက်ဝင်မှုကြောင့် ကာလတစ်ခုအထိ နားရမယ့် နယူးကာဆယ်နောက်ခံလူဒန်ဘန်း
===================

နယူးကာဆယ်နောက်ခံလူဒန်ဘန်းဟာ တနင်္ဂနွေနေ့တုန်းက ဆန်းဒါးလန်းကို ရှုံးနိမ့်တဲ့ တိုင်နီဝဲယားဒါဘီပွဲစဉ်တွင် နံရိုးတစ်ချောင်းကျိုးကာ အဆုတ်ကို စိုက်ဝင်မှုကြောင့် ကာလတစ်ခုအထိ အနားယူရတော့မှာ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်ရှိ ဒန်ဘန်းဟာ အလင်းရောင်ကွင်းတွင် ဆန်းဒါးလန်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ ပွဲစဉ်ရဲ့ ပထမပိုင်းတွင် ဆန်းဒါးလန်းညာနောက်ခံလူနော်ဒီမူကီလီနှင့် ၅၀/၅၀ ဖျက်ထုတ်မှုတွင် ဒဏ်ရာရရှိခဲ့ပါတယ်။
ကစားသမားနှစ်ဦးတို့ ဘောလုံးယှဉ်လုချိန်တွင် မူကီလီရဲ့ ဒူးမှာ ဒန်ဘန်းကို ထိသွားခဲ့တာ ဖြစ်ပြီး အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။
ဒန်ဘန်းဟာ ဆေးကုသမှုအချို့ ခံယူပြီးနောက် ဆက်ကစားရန် ကြိုးပမ်းပေမယ့်လည်း မိနစ်အနည်းငယ်အကြာတွင် အသက်ရှူရခက်ခဲမှုကြောင့် လူစားလဲလှယ်ခဲ့ရပြီး ချက်ချင်းဆိုသလို လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ သွားခဲ့ရပါတယ်။
ယခုအခါ အက်ဒီဟောင်းက ဒန်ဘန်းမှာ နံရိုးတစ်ချောင်းကျိုးပြီး အဆုတ်ကို စိုက်ဝင်မှုကြောင့် ခရစ္စမတ်ပွဲကြပ်ကာလနှင့် နှစ်သစ်ပွဲစဉ်များကို လွဲချော်လာတော့မှာ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
လက်ရှိအချိန်တွင် ဗဟိုနောက်ခံလူဆဗင်ဘော့မန်းမှာလည်း ကျောဒဏ်ရာကြောင့် နားနေရသလို ကီရန်ထရစ်ပီယာမှာ တံကောက်ကြောဒဏ်ရာ၊ အီမေးလ်ခရက်ဖ်မှာလည်း ဒူးဒဏ်ရာကြောင့် အနားယူနေရရာ နယူးကာဆယ်ရဲ့ ခံစစ်ပြဿနာ ပိုမိုကြီးမားလာပြီ ဖြစ်ပါတယ်။
အက်ဒီဟောင်းဟာ ဗုဒ္ဓဟူးနေ့တွင် စိန့်ဂျိမ်းစ်ပါ့ခ်ကွင်းမှာ စပါးစ်ကို ဧည့်ခံကစားရမယ့် ခါရာဘောင်ဖလားကွာတားဖိုင်နယ်ပွဲစဉ်တွင် ရှားနှင့် မာလစ်ခ်သီယော်တို့ကို ပွဲထုတ်လာဖို့ ရှိပါတယ်။
တဖက်တွင် နယူးကာဆယ်ဟာ ဒဏ်ရာမှ ပြန်ကောင်းမွန်လာကြပြီဖြစ်တဲ့ လီဝစ်ဟေးလ်နှင့် တီနိုလီဗာရာမန်တိုတို့လည်း အသုံးပြုနိုင်ပါတယ်။

image