4 ရက် - ဘာသာပြန်ပါ။

သင်္ကန်းခြုံပြီး "အိုပါ ဂန်းနား စတိုင် " သီချင်းနဲ့ ဟာသလုပ်ခဲ့တဲ့ "အောင်စိုးမင်း ဆိုင်းအဖွဲ့က ငါးယောက်ကို ပုဒ်မနှစ်ခုနဲ့ ဖမ်းဆီး

ဇာတ်စင်ပေါ်မှာ သင်္ကန်းခြုံပြီး "အိုပါ ဂန်းနား စတိုင် " သီချင်းနဲ့ ဟာသလုပ်ကာ သရုပ်ဖော် ကပြခဲ့တဲ့ " အောင်စိုးမင်း” ဂီတပဒေသာ ဆိုင်းအဖွဲ့က ဆိုင်းဆရာအပါအဝင် ငါးယောက်ကို ဖမ်းဆီးပြီး ရာဇသတ်ကြီး ပုဒ်မ၂၉၄/ ၂၉၅-က နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်မှု ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့၊ နေပြည်တော် ၊ ဥတ္တရသီရိမြို့နယ် ၊ ဇလောင်းကျေးရွာရှိ အခမ်းအနား ပွဲတခုမှာ ညပိုင်း တီးမှုတ်က ပြဖျော်ဖြေချိန် ကြာနီကန်ဆရာတော် ရဲ့ အနန္တငါးပါး ရှိခိုးမှု နဲ့ ကိုရီးယား ဂန်းနားစတိုင် သီချင်းတီးလုံးကို ပေါင်းစပ်သရုပ်ဖော်ပြီး ဖျော်ဖြေခဲ့တဲ့အတွက် တောင်ညိုနယ်မြေရဲစခန်းက အမှုဖွင့် အရေးယူခဲ့တာဖြစ်တယ်လို့ သိရပါတယ် ။
ဖမ်းဆီးခံခဲ့ ရသူတွေက ဆိုင်းဆရာ စိုးသိန်း (ခ) အောင်စိုးမင်း ၊ လူရွှင်တော်ဖြစ်သူ စိုးမင်းဦး ၊ထက်လင်းဦး (ခ) မျက်ပြူး၊ ကိုဖြိုး (ခ) ဝေဖြိုးထက် နဲ့ နန်းဝတီ တို့ဖြစ်ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့က သူတို့ရဲ့ နေအိမ်တွေမှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။
" ပွဲကျင်းပတာကလည်း ဆရာတော်တပါးရဲ့ ဘွဲ့တံဆိပ်ရတဲ့ ပွဲမှာ ဖျော်ဖြေတာ ။ဆရာတော်ကို တော့ ခွင့်တောင်းတာ ဘာညာရှိတယ် ကြားတယ်။ သေချာတော့ မသိရသေးဘူး ။ ဗဟိုသဘင်ကလည်း ခေါ်ထားတော့ အဲဒီအတွက် အာမခံပေးတယ် ထင်ပါတယ်။ ပုံမှန်ဆို သာသနာညှိုး နွမ်းစေတဲ့ ပုဒ်မနဲ့စွဲရင် အာမခံမရပါဘူး ။ သူတို့က အရပ်ထဲက ကလေးတွေပါ ။ အဆိုတော်တွေ မလာတဲ့ အချိန်မှာ သူတို့က ဝင်ပြီး ဖျော်ဖြေတဲ့ သဘောမျိုးသိရတယ် ။ ရည်ရွယ်ချက်ရှိရှိ လုပ်တာမျိုးတော့ မဟုတ်ဘူး ။ " လို့ မြန်မာနိုင်ငံ သဘင်အစည်းရုံး (ဗဟို) အလုပ်မှုဆောင် အဖွဲ့ဝင် ဖြစ်သူ ဦးကျော်ဦးက ပြောပါတယ်။
​အဆိုပါအဖွဲ့ကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မြန်မာနိုင်ငံ သဘင် အစည်းရုံး ဗဟိုကို လာရောက် တွေ့ဆုံဖို့ ခေါ်ထားပြီး ဖြစ်စဥ် အခြေအနေကို စုံစမ်းမေးမြန် ဖို့ရှိကြောင်း ဖြစ်စဥ်အပေါ် လိုက်ပြီး သဘင်အစည်းရုံး ဗဟိုကလည်း စည်းကမ်းနဲ့အညီ အရေးယူ တာမျိုးပြု လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ အမှုဖွင့်ထား တဲ့ ရာဇသတ်ကြီး ပုဒ်မ ၂၉၄ ဟာ အာမခံရှိနိုင်တဲ့ ပုဒ်မဖြစ်ပြီး ထောင်ဒဏ် သုံးလ ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။
သာသနာ ညှိုးနွမ်းစေမှုနဲ့ အမှုဖွင့်ခံရတဲ့ ရာဇသတ်ကြီး ပုဒ်မ ၂၉၅ ( က) ကတော့ အာမခံမရနိုင်တဲ့ ပုဒ်မ ဖြစ်ပြီး ထောင်ဒဏ် နှစ်နှစ် ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ နှစ်ရပ်လုံးကို ချမှတ်နိုင်တယ် လို့ သိရပါတယ်။
သဘင်အဖွဲ့အစည်းတွေအနေနဲ့ ကပြဖျော်ဖြေ တင်ဆက်တဲ့အခါ ဘာသာရေး၊ ယဉ်ကျေးမှု ကို ထိခိုက်စေမယ့် သရုပ်ပျက် အပြုအမူ၊ အပြောအဆို တွေကို ရှောင်ရှားကြဖို့ မြန်မာနိုင်ငံ သဘင် အစည်းအရုံး (ဗဟို)က နိုဝင်ဘာ ၂၆ ရက်မှာ သတိပေး ထုတ်ပြန် ထားတာ တွေ့ရ ပါတယ် ။
ဒါအပြင် သဘင် အဖွဲ့အစည်းတွေ အနေနဲ့ လှည့်လည်က ပြဖျော်ဖြေတဲ့အခါ မိမိတို့ ဇာတ်ရုံ၊ ဆိုင်း စတဲ့ ဖျော်ဖြေရေး ဧရိယာအတွင်းကို မသက်ဆိုင်သူတွေ ဝင်ရောက် မလာစေရေး အတွက် ဇာတ်အဖွဲ့ တည်ထောင်သူ၊ မန်နေဂျာ၊ အဖွဲ့ရဲ့ တာဝန်ရှိသူ တွေအနေနဲ့ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ဖို့ အပါအဝင် စည်းကမ်းပိုင်း အားနည်းချက်ကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်စေရေး အတွက် အထူး ဂရုပြုဖို့ သတိပေးထားပါတယ် ။
နောက်ပြီး ဇာတ်အဖွဲ့ တည်ထောင်သူ ၊ မန်နေဂျာ၊ အဖွဲ့ ရဲ့ တာဝန်ရှိသူတွေ အနေနဲ့ မိမိတို့ အဖွဲ့ ရဲ့ သဘင် အနုပညာရှင် အပေါ် စည်းကမ်းတကျ ကာကွယ်ထိန်း သိမ်းနိုင်ရေး အလေးထား ဆောင်ရွက်ရန် ၊ ဖျော်ဖြေရေး ပြုလုပ်ရာ နေရာတိုင်းကို တည်ထောင်ခွင့်၊ သဘင် အစည်းအရုံး ဝင်ကတ်၊ လူဦးရေစာရင်း စာချူပ်မိတ္တူတွေ တပါတည်း ယူဆောင်သွားဖို့ပါ အသိပေးထားပါတယ်။

image