ဝက်လက်မြို့နယ် နဲ့ စဥ့်ကူးမြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရပြီး ခုနှစ်ယောက်သေ ၊ ၁၆ ယောက် ထိခိုက်ဒဏ်ရာရရှိ
စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် နဲ့ မန္တလေးတိုင်းထဲက စဥ့်ကူးမြို့နယ်တွေ မှာ လေကြောင်း တိုက်ခိုက်ခံရပြီး လူခုနှစ်ယောက် သေဆုံးကာ ထိခိုက် ဒဏ်ရာရသူ ၁၆ ယောက် လောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ် ။
ဝက်လက်မြို့နယ်ထဲက ထုံးဘိုရွာ တောင်ဘက် သန်းကုန်းတောတိုက် အနီးကို ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၉ နာရီကျော် လောက်မှာ လေကြောင်း တိုက်ခိုက် ခံခဲ့ရတာဖြစ်ပြီး သေဆုံးသူ ငါးယောက် ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၁၅ ယောက်လောက် ရှိတယ်လို့ သိရပါတယ် ။
ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန် ပြီးစိုးရိမ်ရသူတွေ လည်းရှိကြောင်းနဲ့ လက်ရှိမှာတော့ လိုအပ်တဲ့ ဆေးဝါးကုသမှု ပေးနေတယ်လို့ သိရပါတယ်။
" သေဆုံး ငါးယောက်ရှိတယ်။ထိခိုက်ဒဏ်ရာရ ၁၅ ယောက်ရှိမယ် ။ အိမ်ရှစ်လုံးလောက် ပျက်စီးသွားတယ် ။ " လို့ စစ်ရှောင်အရေး ကူညီသူက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရ ရှိသူတွေနဲ့ သေဆုံးသူတွေ ထဲမှာတော့ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါ လေကြောင်း တိုက်ခိုက်ခံရတဲ့ နေရာတွေက ဒေသတွင်း လက်နက်ကိုင်တပ်တွေ စိုးမိုးနယ်မြေတွေ ဖြစ်တယ်လို့ သိရပါတယ်။
စဥ့်ကူးမြို့နယ် ၊ လက်ပံလှ ရွာမှာလည်း ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၆ နာရီကျော်လောက်မှာ ဒရုန်းဗုံး တိုက်ခိုက်ခံခဲ့ရပြီး အမျိုးသား နှစ်ယောက်သေဆုံးကာ နောက်ထပ် တယောက် ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ စဥ့်ကူးမြို့နယ်ကို အစိုးရတပ်တွေက မြေပြင်စစ်ကြောင်း ၊ လေကြောင်း အပါအဝင် ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မြေပြင်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားမှုရှိနေတယ်လို့ သိရပါတယ်။
စဥ့်ကူးမြို့နယ်က လက်ရှိမှာ ဒေသတွင်း လက်နက်ကိုင် တပ်တွေ ထိန်းချုပ်ထားတဲ့ ဒေသတခုဖြစ်တာကြောင့် အစိုးရတပ်တွေက နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ထဲက သစ်ချိုပင် ကျေးရွာမှာ လေကြောင်းတိုက်ခိုကခံရပြီး သုံးယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ရှစ်ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း ဝက်လက်မြို့နယ်၊ ယင်းမာကျေးရွာမှာ လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး အမျိုးသားတယောက် သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း ချောင်းဦးမြို့နယ်ထဲက ချောင်းမနား ရွာနဲ့ ချောင်းဆုံရွာမှာ လေကြောင်းကြဲချ တိုက်ခိုက်ခံရပြီး လူနှစ်ယောက်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ဆယ်ယောက်လောက် ရှိခဲ့တယ်လို့ သိရပါတယ်။