ကိုလ်ကတ္တားကွင်းတွင် ရုပ်ဆိုးအကျည်းတန်အဖြစ်အပျက် ဖြစ်ပျက်ပြီး အိန္ဒိယတွင် အကြီးအကျယ်စိတ်မသက်မသာ ဖြစ်နေတဲ့ လီယွန်နယ်မက်ဆီ
====================
လီယွန်နယ်မက်ဆီဟာ စနေနေ့တုန်းက ကိုလ်ကတ္တားရှိ Salt Lake Stadium တွင် မိနစ် ၂၀ ခန့် လူလုံးပြပြီးနောက် ကွင်းအတွင်း ပရိသတ်ဆူပူသောင်းကျန်းမှုကြောင့် ကွင်းအတွင်းမှ ထွက်ခွာခဲ့ရကာ GOAT Tour ခရီးစဉ်အတွင်း အကြီးအကျယ် စိတ်မသက်မသာ ဖြစ်နေပါတယ်။
စနေနေ့တုန်းက Salt Lake Stadium တွင် ပရိသတ် ၈၅၀၀၀ တို့ဟာ မက်ဆီ အနီးတွင် နိုင်ငံရေးသမားများနှင့် စယ်လီများ ၇၀ ဦးမှ ၈၀ ဦးအထိ ဝိုင်းရံနေမှုနှင့်အတူ စူပါစတား ကစားသမားအားမမြင်တွေ့ရမှုကြောင့် ပွဲစီစဉ်သူအပေါ် အကြီးအကျယ် ဒေါသထွက်ကာ ကွင်းအတွင်း ထိုင်ခုံများ၊ အရာဝတ္တုပစ္စည်းများကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြပါတယ်။
မက်ဆီဟာ ယင်းအခြေအနေဆိုးကြောင့် ကစားဖော်များဖြစ်ကြတဲ့ လူးဝစ်ဆွာရက်ဇ်၊ ရိုဒရီဂိုဒီပေါလ်တို့နှင့်အတူ ကွင်းအတွင်းမှ ထွက်ပြေးခဲ့ရပါတယ်။
ယနေ့တွင် Sports Now ရဲ့ ဖော်ပြလာမှုအရ မက်ဆီဟာ သူ့ အနီးဝန်းကျင်အတွင်း လုံခြုံရေးဝန်ထမ်းများ၊ နိုင်ငံရေးသမားများ၊ ဝန်ထမ်းများအလွန်အမင်း ဝိုင်းရံနေမှုအပေါ်တွင် အကြီးအကျယ် စိတ်မသက်မသာ ဖြစ်ခဲ့ရကြောင်းလည်း သိရပါတယ်။ အထက်ပါသတင်းကို အိန္ဒိယအလယ်တန်းကစားသမားဟောင်းလာလ်ကာမယ်ဘော်မစ်ခ်က အတည်ပြု ပြောကြားသွားတာလည်း ဖြစ်ပါတယ်။
မက်ဆီရဲ့ GOAT Tour အစီအစဉ် ပထမနေ့တွင်ပင် အကြီးအကျယ် ရုပ်ဆိုးအကျည်းတန် အဖြစ်အပျက် ဖြစ်ပျက်ခဲ့ပြီးနောက် ပွဲစီစဉ်သူ ရှာတာဒရူဒတ်တာမှာလည်း ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံထားရပါတယ်။
ဒတ်တာဟာ အာမခံပေးရန် ငြင်းဆိုခြင်းခံထားရပြီး အချုပ်ခန်းထဲတွင် ၁၄ ရက်ကြာ နေရပါမယ်။ တဖက်တွင် အိန္ဒိယအာဏာပိုင်များဟာ ပွဲစီမံခန့်ခွဲမှု ညံ့ဖျင်းမှုအား စုံစမ်းစစ်ဆေးရန် ကော်မရှင်ဖွဲ့ထားသလို ပရိသတ်များအား လက်မှတ်ဖိုးပြန်အမ်းရေးအတွက်လည်း လုပ်ဆောင်နေပါတယ်။
မက်ဆီဟာ ကိုလ်ကတ္တားတွင် ဆိုးရွားတဲ့ အဖြစ်အပျက် ကြုံခဲ့ရပေမယ့်လည်း စနေနေ့ ညနေပိုင်းတွင်ပင် ဟိုက်ဒရာဘတ်ခရီးစဉ်တွင် အားလုံးအဆင်ပြေချောမွေ့ခဲ့ပါတယ်။ သူဟာ ဟိုက်ဒရာဘတ်တွင်မူ ဒေသတွင်း လူငယ်ကစားသမားများနှင့် အတူ တွဲကစားခဲ့သလို ပရိသတ်များကိုလည်း ကောင်းမွန်စွာ နှုတ်ဆက်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။
မက်ဆီဟာ ဟိုက်ဒရာဘတ်တွင် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီးနောက် မွမ်ဘိုင်း၊ နယူးဒေလီတို့အား ဆက်လက် ခရီးဆက်နေပါတယ်။