2 ပတ် - ဘာသာပြန်ပါ။

ဒါဘီပွဲအနိုင်ဂိုး ဂိုးသွင်းအောင်ပွဲခံစဉ် ကစားဖော်ကြောင့် မျက်ခုံးကွဲသွားခဲ့တဲ့ ပရီးမီးယားလိဂ်စတားဟောင်း
======================

အဲဗာတန်အလယ်တန်းကစားသမားဟောင်းဒါဗီကလပ်ဆင်ဟာ အေဂျက်စ်က ဖီယင်နုအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် အဖွင့်ဂိုး သွင်းယူပြီးနောက် ကစားဖော်ကြောင့် မျက်ခုံးကွဲဒဏ်ရာ ရရှိသွားခဲ့ပါတယ်။
အသက် ၃၂ နှစ်ရှိ ကလပ်ဆင်ဟာ ပွဲအစ ၁၃ မိနစ်မှာ ဧရိယာအပြင်မှ လှပတဲ့ ကန်ချက်ဖြင့် အေဂျက်စ်အတွက် အဖွင့်ဂိုးအား သွင်းယူနိုင်ခဲ့ပါတယ်။
သူဟာ ဂိုးသွင်းယူပြီးနောက် အလံတိုင်ထောင့်သို့ ပြေးသွားကာ အောင်ပွဲခံခဲ့ပြီး ကစားဖော်လူကပ်စ်ရိုဆာက နောက်မှ လှမ်းဖက်စဉ် ခေါင်းချင်းဆောင့်မိကာ မျက်ခုံးကွဲသွားခဲ့ပါတယ်။
ချက်ချင်းဆိုသလိုပဲ သွေးထွက်လာခဲ့ပေမယ့်လည်း ကလပ်ဆင်ဟာ ပရိသတ်များကို လက်နှစ်ဖက်မြှောက်ကာ နှုတ်ဆက်ခဲ့ပါတယ်။
ဒတ်ချ်အလယ်တန်းကစားသမားဟာ မျက်ခုံးကွဲသွားမှုကြောင့် ဆေးကုသမှုခံယူခဲ့ရပြီး ပွဲချိန် ၆၇ မိနစ်တွင် ကီယန်ဖစ်ဇ်ဂျမ်နှင့် လူစားလဲလှယ်ခဲ့ရပါတယ်။
ယင်းပွဲတွင် ပွဲချိန် ၉၄ မိနစ်မှာ ဂျော်သီမိုကီယိုက အေဂျက်စ်အတွက် ဒုတိယအနိုင်ဂိုး ထပ်မံ သွင်းယူခဲ့တဲ့ ၂-၀ ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ကလပ်ဆင်ဟာ အေဂျက်စ်အကယ်ဒမီထွက်တစ်ဦး ဖြစ်ပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ပွဲတစ်ရာကျော်ကစားပြီးနောက် အဲဗာတန်သို့ ပေါင် ၂၂.၆ သန်းဖြင့် ငါးနှစ်စာချုပ်ဖြင့် ပြောင်းခဲ့ပါတယ်။
ဒါပေမယ့် သူဟာ အဲဗာတန်တွင် တစ်ရာသီသာ ကစားခဲ့ပြီး ဝါဒါဘရီမင်၊ အင်တာမီလန်သို့ ပြောင်းခဲ့ပြီးနောက် အသင်းဟောင်းအေဂျက်စ်သို့ ပြန်ရောက်လာတာပါ။
သူဟာ နယ်သာလန်အတွက် ၄၁ ပွဲကစားထားရာမှာ ၁၀ ဂိုးသွင်းထားနိုင်ပါတယ်။
အေဂျက်စ်ဟာ ဒတ်ချ်အဆင့်မြင့်တန်းလိဂ်တွင် အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးမှ ပီအက်စ်ဗွီနှင့်ရမှတ် ၁၄ မှတ်အထိ ကွာဟနေပါတယ်။

image