နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့် ယုံကြည်မှုနှစ် အထိမ်းအမှတ်နိုင်ငံတကာ ဖိုရမ်သို့ တက်ရောက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော ဟာ ဒီဇင်ဘာ(၁၂)ရက်နေ့ကတာ့ခ်မင်နစ္စတန် နိုင်ငံ အက်ရှ်ဂါဘတ်မြို့ရှိ တာ့ခ်မင် နစ္စတန် ကွန်ဂရက်စင်တာမှာ ကျင်းပပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနဲ့ ယုံကြည်မှုနှစ်အထိမ်းအမှတ်နိုင်ငံတကာ ဖိုရမ်ကိုတက်ရောက်ပါတယ်။
အခမ်းအနားကို နိုင်ငံတော်ဝန်ကြီးချုပ်ကတာ့ခ်မင်နစ္စတန်နိုင်ငံရဲ့ အမြဲတမ်းကြားနေ မူဝါဒနှစ် (၃၀)ပြည့်အထိမ်းအမှတ်ဂုဏ်ပြုပန်းစည်းချ အခမ်းအနားသို့ ဖိတ်ကြား ထားတဲ့ နိုင်ငံတကာမှ ခေါင်းဆောင်တွေ၊ ကုလသမဂ္ဂနှင့်နိုင်ငံတကာ အဖွဲ့အစည်း အသီးသီး မှ ကိုယ်စားလှယ်ခေါင်းဆောင်တွေ၊ ဖိတ်ကြားထားတဲ့ဧည့်သည် တော်တွေနဲ့ အတူ ပါဝင်တက်ရောက်ခဲ့တာဖြစ်ပါတယ်။
အခမ်းအနားမှာ တာ့ခ်မင်နစ္စတန်နိုင်ငံသမ္မတ Mr. Serdar Berdimuhamedov က တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးကြိုဆိုနှုတ် ဆက်ပြီး တာ့ခ်မင်နစ္စတန်နိုင်ငံ၏ အမြဲတမ်းကြားနေ မူဝါဒနှစ်(၃၀)ပြည့်အထိမ်း အမှတ်အဖြစ် ပန်းစည်းချ ဂုဏ်ပြုကြပါတယ်။
အဲဒီနောက်နိုင်ငံတော်ဝန်ကြီးချုပ်နဲ့ အခမ်းအနားကိုတက်ရောက်လာကြတဲ့ နိုင်ငံတကာမှ ခေါင်းဆောင်တွေဟာ တာ့ခ်မင်နစ္စတန်ကွန်ဂရက်စင်တာ ဧည့်ခန်းမမှာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြတယ်လို့သိရပါတယ်။
အဲဒီနောက် ဖိုရမ်အခမ်းအနားကို ငြိမ်းချမ်းရေးနှင့်ယုံကြည်မှု-“စဉ်ဆက်မပြတ် သော အနာဂတ်အတွက် ရည်မှန်းချက်ပန်းတိုင်များပေါင်းစည်းခြင်း” ခေါင်းစဉ်နဲ့ကျင်းပ ရာ တာ့ခ်မင်နစ္စတန်နိုင်ငံ သမ္မတ Mr.Serdar Berdimuhamedov က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးနိုင်ငံတော်ဝန်ကြီးချုပ်က ဂုဏ်ပြုမိန့်ခွန်းပြောကြားရာမှာ အခုကျင်းပတဲ့ အထိမ်းအမှတ်ဖိုရမ်အခမ်းအနားဟာ တာ့ခ်မင်နစ္စတန်နိုင်ငံရဲ့ အမြဲတမ်းကြားနေ မူဝါဒ နှစ်၃၀ ပြည့် အထိမ်းအမှတ်အခါသမယနဲ့လည်းတိုက်ဆိုင်နေတဲ့အတွက်ထူးခြားအရေးပါတဲ့အခမ်းအနားတစ်ခုဖြစ်ကြောင်း၊မြန်မာနိုင်ငံအနေဖြင့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့ရဲ့ တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူ ၅ ရပ်ကို ကိုင်စွဲကျင့်သုံးလျက်ရှိမှု အခြေအနေတွေ၊ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ နဲ့ သဘာဝဘေးအန္တရာယ်တွေကို ရင်ဆိုင်ခဲ့ရတဲ့အခါမှာနိုင်ငံတကာအသိုက်အဝန်းမှ ကူညီဆောင်ရွက်ပေးခဲ့မှု အခြေအနေတွေ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက်ပြင်ဆင်ဆောင်ရွက်နေမှုနဲ့ နိုင်ငံတကာလေ့လာရေးအဖွဲ့တွေကိုလည်း ဖိတ်ကြားထားတဲ့ အခြေအနေတွေကိုဆွေးနွေးပြောကြားပြီး တာ့ခ်မင်နစ္စတန် နိုင်ငံကတည့်ခင်းဧည့်ခံတဲ့ ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
ဒါအပြင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောဟာဒီဇင်ဘာလ(၁၀)ရက်နေ့ကအီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ် နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနဲ့သံတမန်ဆက်ဆံရေး ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေ၊နှစ်နိုင်ငံ စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်တွေကို ရင်းနှီးပွင့် လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပြီး အခြားနိုင်ငံ့ခေါင်းဆောင်တွေနဲ့လည်း နိုင်ငံတကာကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။

image