ဆန္ဒမဲပေးခြင်း၊ မပေးခြင်း မဲဆန္ဒရှင်၏ဆန္ဒသာဖြစ်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြော
ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင်ပြည်သူများ၏ဆန္ဒသာဖြစ်ပြီး တာဝန်ရှိသူ များအနေဖြင့် မဲပေးနိုင်အောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယမန်နေ့(ဒီဇင်ဘာ ၁၁ ရက်) က ရန်ကုန်တိုင်းအတွင်းရှိ တိုင်းနှင့်ခရိုင်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ်၎င်းက ထိုသို့ပြောခြင်းဖြစ်သည်။
ရန်ကုန်တိုင်းအတွင်းရွေးကောက်ပွဲကို ရာနှုန်းပြည့်အောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်သွားရန်လို အပ်ပြီး မဲပေးခွင့်ရှိသူအားလုံးမဲပေးခွင့်ရနိုင်ရေးနှင့် မဲမသမာမှုများမဖြစ်ပေါ်စေရေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
ရွေးကောက်ပွဲမဲစာရင်းများနှင့်ပတ်သက်၍ ရာနှုန်းပြည့်မှန်ကန်နိုင်မည်မဟုတ်သော်လည်း အတတ်နိုင် ဆုံး မှန်ကန်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး မဲစာရင်းမှားယွင်းမှုများမရှိရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကပြောသည်။
အထွေထွေရွေးကောက်ပွဲအပိုင်း(၁) ကို ယခုလဒီဇင်ဘာ ၂၈ ရက်နှင့် အပိုင်း(၂)ကို လာမည့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်တို့တွင် အသီးသီးကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
ရွေးကောက်ပွဲကျင်းပပြီးပါက လွှတ်တော်ခေါ်ယူ၍ အသစ်ဖွဲ့စည်းမည့်အစိုးရထံ နိုင်ငံတော်တာဝန်များ လွှဲပြောင်းပေးအပ်မည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ မတ်လကုန်တွင် အစိုးရအဖွဲ့အပြောင်းအလဲများဖြစ်ပေါ်လာ မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့သည်။