ရုရှားက နေတိုးကို ငါးနှစ်အတွင်း တိုက်ခိုက်လာနိုင်
ရုရှားနိုင်ငံဟာ လာမယ့်ငါးနှစ်အတွင်း နေတိုးအဖွဲ့ဝင်နိုင်ငံတနိုင်ငံကို တိုက်ခိုက်နိုင်ကြောင်း ဂျာမနီနိုင်ငံ ဘာလင်ကို ရောက်ရှိနေတဲ့ နေတိုးအဖွဲ့ အကြီးအကဲ မာ့ခ်ရူတီက သတိပေးပြောကြားလိုက်ပါတယ်။
ရုရှားဟာ မိမိတို့လူ့အဖွဲ့အစည်းတွေအပေါ် လျှို့ဝှက်စစ်ဆင်ရေးကို တိုးမြှင့်နေပြီလို့ မာ့ခ်ရူတီက ဆိုပါတယ်။ မိမိတို့ အဘိုးအဘွားတွေ ခံစားခဲ့ရတဲ့ စစ်ပွဲအတိုင်းအတာမျိုးအတွက် ပြင်ဆင်ထားရမယ်လို့လည်း သူကဆိုပါတယ်။
ဒီသတိပေးချက်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ ကြိုးစားနေချိန်မှာ ထွက်ပေါ်လာတာဖြစ်ပြီး အနောက်တိုင်းထောက်လှမ်းရေးအသိုင်းအဝိုင်းကလည်း ရုရှားရဲ့ တိုက်ခိုက်နိုင်ခြေကို ယခင်ကတည်းက သတိပေးခဲ့ဖူးပါတယ်။
ရုရှားသမ္မတပူတင်ကလည်း ရုရှားအနေနဲ့ ဥရောပနဲ့ စစ်ဆင်နွှဲဖို့ အစီအစဉ်မရှိပေမယ့် ဥရောပက စစ်ပွဲတခုစတင်လိုပါက အသင့်ရှိကြောင်း ယခုလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။ ပူတင်ကတော့ ဥရောပနိုင်ငံတွေဟာ ယူကရိန်း ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေကို အနှောင့်အယှက်ပေးနေတယ်လို့ စွပ်စွဲထားပါတယ်။
ပူတင် ရိုးသားမှုမရှိကြောင်း နေတိုးအကြီးအကဲက ဆိုပါတယ်။ ယူကရိန်းကို ထောက်ခံတာဟာ ဥရောပလုံခြုံရေးအတွက် အာမခံချက်တခုဖြစ်တယ်လို့လည်း မာ့ခ်ရူတီက ပြောပါတယ်။
ရုရှားဟာ ယူကရိန်းနဲ့ သုံးနှစ်ကျော်ကြာ စစ်ဖြစ်နေပေမယ့် သူ့ရဲ့လက်နက်စက်ရုံတွေဟာ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ အမြောက်ဆန်တွေကို ပိုမိုထုတ်လုပ်နေပြီး တင့်ကား ၁၅၀ ၊ ခြေလျင်တိုက်ခိုက်ရေးယာဉ် ၅၅၀၊ လန်ဆက် ဒရုန်း ၁၂၀ နဲ့ အမြောက် ၅၀ ကျော်ကို လစဉ် ထုတ်လုပ်လျက်ရှိကြောင်း မကြာသေးခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။
ဒီအတောအတွင်း ပြင်သစ်နဲ့ ဂျာမနီနှစ်နိုင်ငံစလုံးဟာ အသက် ၁၈ နှစ်အရွယ်တွေ စေတနာ့ဝန်ထမ်းစစ်မှုထမ်းစနစ်ကို ပြန်လည်အသက်သွင်းဖို့ မကြာသေးမီက လုပ်ဆောင်ခဲ့ပါတယ်။
ရုရှားဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ သတင်းအချက်အလက်အမှားဖြန့်ဝေမှုတွေ ၊နေတိုးနိုင်ငံတွေရှိ လေဆိပ်တွေနဲ့ စစ်စခန်းတွေအနီးမှာ ဒရုန်းတွေ လွှတ်တင်ခြင်းလိုမျိုး လုပ်ဆောင်ချက်တွေ ယခုနှစ်အတွင်း တိုးပွားလာနေပြီး ရုရှားကတော့ ငြင်းဆိုထားပါတယ်။
နေတိုးအဖွဲ့မှာ ဥရောပနိုင်ငံ ၃၀ ပါဝင်ပြီး မဟာမိတ်အဖွဲ့ရဲ့ အင်အားအကြီးဆုံး စစ်ရေးအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ကနေဒါနဲ့ အမေရိကန်တို့လည်း ပါဝင်ပါတယ်။ ထရန့်ရဲ့ ဖိအားပေးမှုနဲ့အတူ အဖွဲ့ဝင်နိုင်ငံတွေက စစ်ရေးအသုံးစရိတ် တိုးမြှင့်ဖို့ ကတိပြုခဲ့ကြပါတယ်။