အူနိုင်းအမ်မရီက မိမိကို ပိုကောင်းတဲ့ ကစားသမားဖြစ်အောင် ပြုလုပ်ပေးခဲ့တယ်လို့ တီလေမန်းစ် ပြောကြား
အက်စတွန်ဗီလာအသင်းရဲ့ ကွင်းလယ်ကစားသမား တီလေမန်းစ်က နည်းပြ အူနိုင်းအမ်မရီဟာ သူ့ကို ပိုကောင်းတဲ့ကစားသမားဖြစ်အောင် ပြုလုပ်ပေးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဘယ်လ်ဂျီယံလက်ရွေးစင် တီလေမန်းစ်ဟာ ၂၀၂၃ ခုနှစ်မှာ လက်စတာကနေ အက်စတွန်ဗီလာကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းကို ရောက်ရှိချိန်ကတည်းက အမာခံကစားသမားအဖြစ် ရပ်တည်နေသူပါ။
တီလေမန်းစ်(၂၈ နှစ်)ဟာ လက်ရှိအချိန်မှာ အကောင်းဆုံးခြေစွမ်းပြသနေပြီး ပရီးမီးယားလိဂ်မှာ သူ့နေရာကစားတဲ့သူတွေထဲ အကောင်းဆုံးတစ်ဦးဖြစ်ကြောင်း ညွှန်းဆိုမှုတွေလည်း ရှိနေပါတယ်။
ဒါကြောင့် ထိပ်သီးအသင်းကြီးတချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ တီလေမန်းစ်ကို ကစားသမားဘဝ အကောင်းဆုံးခြေစွမ်း ရရှိနေပြီလားလို့ မေးမြန်းခဲ့ရာမှာ ဒီအသင်းကို ရောက်လာကတည်းက ကစားသမားတစ်ယောက်အနေနဲ့ အများကြီးတိုးတက်လာတယ်လို့ ထင်ပါတယ်။ ပိုကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်လာတယ်လို့ ခံစားရပါတယ်။ ဒဏ်ရာရရှိပြီးနောက်မှာ စိတ်ပိုင်းရော ရုပ်ပိုင်းပါ အကောင်းဆုံးပုံစံကို ပြန်ရလာပါတယ် လို့ တီလေမန်းစ်က ပြောကြားခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ(၈)ပွဲဆက်အနိုင်ရရှိထားပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကိုပါ မျှော်လင့်နိုင်တဲ့အခြေအနေ ဖြစ်လာပါတယ်။