ပရိသတ်အပြည့်ပါတဲ့ ဘတ်စ်ကားအား တူကိုင် ဆိုးသွမ်းပရိသတ်များရဲ့ တိုက်ခိုက်မှု ဖြစ်ပွားပြီး ပရိသတ် ၃ ဦး ဆေးရုံတက်ကုသမှုခံနေရ
===================
ပရိသတ်အပြည့်ပါဝင်တဲ့ ဘတ်စ်ကားအား တူကိုင် ဆိုးသွမ်းပရိသတ်များ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ပရိသတ် ၃ ဦးမှာ ဆေးရုံတက်ရောက်ကုသမှုခံနေရပါတယ်။
အထက်ပါ အဖြစ်အပျက်မှာ ပိုလန်တွင် Jagiellonia Bialystok က စပိန်ကလပ်ဗယ်လီကာနိုအား ဧည့်ခံကစားရတဲ့ ကွန်ဖရင့်လိဂ်ပွဲစဉ်မတိုင်မီ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
Polskie Radio 24 ရဲ့ဖော်ပြမှုအရ ဗယ်လီကာနိုပရိသတ်များ သယ်ဆောင်လာတဲ့ ဘတ်စ်ကားကို ဘီယာလီစတော့ခ်နှင့် ပိုလန်နိုင်ငံရဲ့ မြို့တော်ဝါဆောအကြား အော့စထရိုမာဇိုဝီယာကာ မြို့အနီး S8 အမြန်လမ်းပေါ်တွင် ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။
ယင်းဘတ်စ်ကားကို ကားနှစ်စီးက ရပ်တန့်စေခဲ့ပြီးနောက် လူ ၁၅ ဦးခန့်က အဝေးလမ်းအတားအဆီးခြံပေါက်မှ ထွက်ပေါ်လာကာ တူများ၊ တုတ်များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြပါတယ်။
ယင်းတိုက်ခိုက်မှုကြောင့် လူ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူ ၉ ဦးမှာ ဗယ်လီကာနိုပရိသတ်များဖြစ်ပြီး ကျန်တစ်ဦးမှာ ဒေသခံ ပိုလန်နိုင်ငံသား ဖြစ်ပါတယ်။
ယင်းမှ ၃ ဦးမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရရှိပြီး ဆေးရုံသို့ ချက်ချင်းပို့ကာ ကုသမှု ခံယူနေရပါတယ်။
အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့ဝင်များ ချက်ချင်းရောက်လာပြီးနောက် တိုက်ခိုက်မှုတွင် ပါဝင်တယ်လို့ ယူဆတဲ့ ၄ ဦးအား ဖမ်းဆီးထားပါတယ်။
ရဲတပ်ဖွဲ့ဟာ ယင်းလူ ၄ ဦးပါဝင်တဲ့ ကားတွင် Jagiellonia Bialystok အသင်းပဝါ၊ အသုံးအဆောင်ပစ္စည်းများ၊ အဝေးပြေးလမ်းခြံစည်းရိုးအား ဖြတ်ရာတွင် အသုံးပြုတယ်လို့ ယူဆရတဲ့ ကပ်ကြေး နှစ်လက်တို့အား တွေ့ရှိရကာ ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။
ယင်းသို့ ပွဲမတိုင်မီ ပရိသတ်များ တိုက်ခိုက်မှု ခံခဲ့ရပေမယ့်လည်း ဗယ်လီကာနိုဟာ အဝေးကွင်းတွင် Jagiellonia Bialystok ကို ၂-၁ ဖြင့် အနိုင်ယူနိုင်ခဲ့ပါတယ်။