ဆော်ဒီသို့ ပြောင်းရွှေ့ရေး ကစားဖော်ဟောင်းဟင်ဒါဆင်နှင့် လျို့ဝှက်တွေ့ဆုံ အကြံဉာဏ်ရယူခဲ့တဲ့ မိုဟာမက်ဆာလက်
=======================

မိုဟာမက်ဆာလက်ဟာ လန်ဒန်တွင် လီဗာပူးအသင်းခေါင်းဆောင်ဟောင်းဂျော်ဒန်ဟင်ဒါဆင်နှင့် လျို့ဝှက်တွေ့ဆုံကာ ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ကစားရန် အကြံဉာဏ်များ ရယူခဲ့ကြောင်း The Sun သတင်းစာက ဖော်ထုတ် ရေးသားလာပါတယ်။
လီဗာပူးဂန္ထဝင်ဆာလက်ဟာ လိဒ်နှင့် သုံးဂိုးစီသရေကျတဲ့ပွဲတွင် ၃ ပွဲဆက် အရန်ခုံတွင် ထိုင်နေခဲ့ရပြီးနောက် အန်းဆလော့မှာ အပြစ်အားလုံး သူ့ကို ပုံချနေကြောင်းနှင့် လီဗာပူးမှ တစုံတဦးကလည်း သူ့ကို ထွက်ခွာစေလိုလျက်ရှိကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။
ယင်းနောက် သူဟာ ကြားရက်တုန်းက အင်တာမီလန်နှင့်ပွဲအတွက် လီဗာပူးလူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
ဆာလက်ဟာ လီဗာပူးတွင် အနာဂတ် မရေမရာ ဖြစ်နေမှုနှင့်အတူ ဆော်ဒီပရိုလိဂ် ကလပ် Al Hilal ရဲ့ ပစ်မှတ်ထားခြင်းခံလာရပါတယ်။ တဖက်တွင် ဆော်ဒီပရိုလိဂ်အကြီးအကဲအိုမာမူဂါဘယ်ကိုယ်တိုင်ကလည်း ဆာလက်ကို ဆော်ဒီလိဂ်က ပစ်မှတ်ထားနေကြောင်း အတည်ပြုသွားပါတယ်။
ယခု မိုဟာမက်ဆာလက်ဟာ လန်ဒန်ရှိ စားသောက်ဆိုင်တစ်ခုတွင် ကစားဖော်ဟောင်းဟင်ဒါဆင်နှင့် လျို့ဝှက်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်လာမှုနှင့်အတူ အနာဂတ်နှင့်ပတ်သက်ပြီး ပိုမိုကျယ်ပြန့်စွာ သတင်းထွက်လာပါတယ်။
လီဗာပူးအတွက် ဂိုး ၂၅၀ သွင်းပေးထားတဲ့ ဆာလက်ဟာ ဆော်ဒီတွင် ၅ လကြာ ကစားခဲ့ဖူးတဲ့ ဘရန့်ဖို့ဒ်တွင် ကစားနေတဲ့ ဟင်ဒါဆင်နှင့် တေ့ဆုံပြီး ဆော်ဒီအတွေ့အကြုံများကို မေးမြန်းမှု ပြုလုပ်ခဲ့ပါတယ်။
အင်္ဂလန်စတားဟင်ဒါဆင်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဆော်ဒီကလပ် Al-Ettifaq သို့ ပေါင် ၁၂ သန်းဖြင့် ပြောင်းရွှေ့စဉ်ကစားခဲ့ပေမယ့် ၅ လတည်းသာ ကစားခဲ့ကာ စာချုပ်ဖျက်သိမ်းပြီး အေဂျက်စ်သို့ ပြောင်းခဲ့သူ ဖြစ်ပါတယ်။
ဆာလက်နှင့် ဟင်ဒါဆင်တို့ဟာ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းတွင် အနောက်လန်ဒန်ရှိ ချဲလ်ဆီးမှ Scalini အီတလီစားသောက်ဆိုင်သို့ မျက်နှာဖုံးစွပ်ပြီး လျို့ဝှက်ရောက်လာပြီးနောက် စကားပြောဆွေးနွေးခဲ့ကြပါတယ်။
မျက်မြင်တစ်ဦးက "ကိုဗစ်စတိုင် မျက်နှာဖုံးတွေ ထပ်ထားတယ်။ မျက်နှာကို ဦးထုပ်နဲ့လည်း ဖုံးထားသေးတယ်။ သူတို့ကို လူတွေ အာရုံမစိုက်အောင် လုပ်ကြတာပါ။ မိုနဲ့ ဂျော်ဒန်ဆိုတာ သိလိုက်ရတော့ အံ့ဩသင့်ရတယ်။ ချက်ချင်း ဆာလက်က ဆော်ဒီသွားတော့မယ်ဆိုတာ တွေးလိုက်မိတယ်"လို့ ပြောကြားသွားပါတယ်။
ဆာလက်နှင့် ဟင်ဒါဆင်တို့ဟာ ယင်းစားသောက်ဆိုင်တွင် မိနစ် ၉၀ ခန့်ကြာ စားသောက်ရင်း စကားပြောခဲ့ကြပါတယ်။
ဒါ့အပြင် အခြားမျက်မြင်တစ်ဦးကလည်း ဆာလက်က စကားဝိုင်းတွင် နားထောင်သမားသက်သက်ဖြစ်ပြီး ဟင်ဒါဆင်ကို မေးခွန်းများ မေးကြောင်းလည်း ဆိုသွားပါတယ်။

image