ဘရိုက်တန်နှင့်ပွဲအတွက် လီဗာပူးလူစာရင်းတွင် မိုဟာမက်ဆာလက် ပါဝင်လာ
======================
လီဗာပူးတိုက်စစ်သမားမိုဟာမက်ဆာလက်ဟာ သောကြာနေ့ညတုန်းက နည်းပြအန်းဆလော့နှင့် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီးတဲ့နောက် ယနေ့ည ဘရိုက်တန်နှင့် ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲအတွက် လီဗာပူးလူစာရင်းတွင် ပါဝင်လာပါတယ်။
လီဗာပူးနည်းပြအန်းဆလော့ဟာ ဒဏ်ရာပြဿနာများ ကြုံနေရချိန်တွင် အသင်းအတွက် အကောင်းဆုံးဖြစ်လာစေရေးအတွက် ဆာလက်အား လူစာရင်းတွင် ထည့်သွင်းရန် ဆုံးဖြတ်လိုက်တာ ယုံကြည်ရပါတယ်။
ဒါပေမယ့် ဆာလက်နှင့် ပြဿနာက ဆက်ရှိနေဆဲ ဖြစ်ပြီး လီဗာပူးနှင့် အေးဂျင့်ရာနီအက်ဘက်စ်တို့အကြား ဆက်လက် ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။
ဆာလက်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက လိဒ်နှင့် သုံးဂိုးစီသရေကျတဲ့ပွဲတွင် လီဗာပူးကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ၃ ပွဲဆက် အရန်ခုံတွင် ထိုင်ခဲ့ရပြီး အန်းဆလော့မှာ အသင်းရလဒ်ဆိုးရွားမှုများအတွက် သူ့ကို အပြစ်ပုံချလာကြောင်း ဝေဖန်ပြောဆိုခဲ့သလို ကလပ်မှ တစုံတယောက်ကလည်း သူ့ကို ထွက်ခွာစေလိုနေကြောင်း ဝေဖန် ပြောကြားသွားခဲ့ပါတယ်။
ယင်းအင်တာဗျူးတွင်ပင် ဆာလက်က ယနေ့ည ဘရိုက်တန်နှင့်ပွဲမှာ အန်းဖီးလ်ကို နှုတ်ဆက်နိုင်မယ့် အခွင့်အရေးပွဲဖြစ်ကြောင်းနှင့် ယင်းပွဲအား တက်ရောက်ရန် မိခင်ကိုပါ ဖိတ်ကြားထားကြောင်း ဆိုထားပါတယ်။
သောကြာနေ့ အစောပိုင်းတုန်းက သတင်းစာရှင်းလင်းပွဲတွင် အန်းဆလော့က ဆာလက်ကို အသင်းတွင် ဆက်မရှိစေချင်တဲ့ အကြောင်းပြချက် မရှိကြောင်းလည်း ဆိုသွားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းက ၂ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ဆာလက်ဟာ လီဗာပူးအတွက် ပွဲ ၄၂၀ ကစားထားရာမှာ ဂိုး ၂၅၀ သွင်းထားပါတယ်။
လီဗာပူးနည်းပြဆလော့ဟာ ကိုဒီဂတ်ပိုမှာ ကြွက်သားဒဏ်ရာကြောင့် အနားယူနေရမှု၊ အလက်ဇန္ဒားအီဆက်ခ်မှာလည်း ဒဏ်ရာကြောင့် ရုန်းကန်နေရမှုနှင့်အတူ ဆာလက်အား ဘရိုက်တန်နှင့်ပွဲအတွက် လူစာရင်းတွင် ထည့်သွင်းရန် ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ဒီဇင်ဘာလ ၃ ရက်နေ့တုန်းက ဆန်းဒါးလန်းနှင့် သရေကျတဲ့ပွဲတွင် လူစားဝင်ရောက်ကာ နောက်ဆုံးကစားခဲ့တာ ဖြစ်ပြီး နောက်ဆုံးအကြိမ် ပွဲထွက်ကစားခွင့်ရခဲ့တာ နိုဝင်ဘာလ ၂၆ ရက်နေ့တုန်းက ပီအက်စ်ဗွီနှင့် ချန်ပီယံလိဂ်ပွဲမှာ ဖြစ်ပါတယ်။
ဆလောက "မိုနဲ့ ဆွေးနွေးသွားမယ်။ ဆွေးနွေးမှု ရလဒ်အပေါ် မူတည်ပြီး ဘာဖြစ်လာမယ်ဆိုတာကို ဆုံးဖြတ်လာမှာပါ။ ဆန်းဒါးလန်းနဲ့ပွဲအပြီးမှာ သူ့အေးဂျင့်နဲ့ ကျွန်တော်တို့အကြား၊ သူနဲ့ ကျွန်တော့်အကြား ဆွေးနွေးမှုတွေ အများကြီးရှိပါတယ်"လို့ ပြောကြားသွားပါတယ်။
ဆာလက်ဟာ ဘရိုက်တန်နှင့်ပွဲအပြီး လာမယ့် တနင်္လာနေ့တွင် အာဖရိကဖလားပြိုင်ပွဲ ယှဉ်ပြိုင်ရန်အတွက် အီဂျစ်အသင်းနှင့် ပူးပေါင်းလာပါမယ်။
သူဟာ အီဂျစ်နှင့်အတူ အာဖရိကဖလားဗိုလ်လုပွဲအထိ တက်ရောက်ပါက လီဗာပူးရဲ့ ၈ ပွဲအထိ လွဲချော်လာပါမယ်။