အွန်လိုင်းလိမ်လည်မှုမှ နိုင်ငံခြားသား(၇၀၀၀၀)ကျော်ကို လွှဲပြောင်းပြီးဖြစ်
----------------------
မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်နေသူတွေအပါအဝင် အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်း ကစားလုပ်ငန်းလုပ်ကိုင်တဲ့ နေရာတွေကို ဖော်ထုတ် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နေရာ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်တို့မှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၅ ရက်ကနေ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်အထိ နိုင်ငံခြား သား ၇၀၀၁၆ ယောက်ကို စိစစ်တွေ့ရှိခဲ့ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ သက်ဆိုင်ရာနိုင်ငံတွေကို ပြန်လည်လွှဲပြောင်း ပေးနိုင်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါ တယ်။
ဒီဇင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမမှာ ပြုလုပ်တဲ့ အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးကြီးကြပ်မှုဗဟိုကော်မတီအစည်းအဝေးမှာ ဗဟိုကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီးက အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။
နိုင်ငံတော်အနေနဲ့ နယ်စပ်ဒေသတွေမှာ အွန်လိုင်းလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ ပြန်လည် အခြေမချနိုင်ဖို့အတွက် အဲဒီနေရာတွေရှိ အဆောက်အအုံတွေကို ၁၀၀ ရာခိုင်နှုန်း ဖျက်ဆီးပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲဒီနေရာတွေမှာ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေအတွက် လိုအပ်တဲ့ အိမ်ဆောက်ပစ္စည်း တွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ လူသုံးကုန်ပစ္စည်းတွေ၊ လျှပ်စစ်မီး၊ စက်သုံးဆီ၊ အင်တာနက် စတာတွေကိုလည်း တစ်ဖက်နိုင်ငံကတစ်ဆင့် ရယူအသုံးပြု ဆောင်ရွက်တာကို တွေ့ရှိရတယ်လို့ ပြောပါတယ်။