ပြင်ဦးလွင်ဘူတာအနီး 3 Star အဆင့်ရှိ မီးရထားဟိုတယ်နှင့်အဆင့်မြင့်ဈေးဝယ်စင်တာ တည်ဆောက်မည်

ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဘူတာအနီး 3 Star အဆင့်ရှိ မီးရထားဟိုတယ်နှင့်အဆင့်မြင့် ဈေးဝယ်စင်တာ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ပြင်ဦးလွင်မြို့ရှိ ပြင်ဦးလွင်ဘူတာအနီး မီးရထားဟိုတယ်နှင့် အဆင့်မြင့်ဈေးဝယ်စင်တာ တည်ဆောက်မည့် မြေနေရာ၊ ဘောလုံးကွင်းတည်ဆောက်မည့် မြေနေရာ၊ ရတနာပုံမြို့သစ်စီမံကိန်းရှိ ရတနာပုံ Cyber City စီမံကိန်းအဆောက်အအုံများနှင့် အိမ်ရာစီမံကိန်းနေရာများ၊ ပြင်ဦးလွင်မြို့ ပဒေသာမြို့သစ် ရပ်ကွက် ကြီး (၈) နှင့် ရပ်ကွက်ကြီး (၁၀)တို့ရှိ လမ်းများ တိုးချဲ့၊ ပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့် ပန်းပွဲတော်ကျင်းပလျက်ရှိသည့် အမျိုးသားကန်တော်ကြီးဥယျာဉ်တို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ယခုတည်ဆောက်မည့် အဆောက်အအုံသည် အဆင့်မြင့်လေးထပ် အဆောက်အအုံဖြစ်သဖြင့် ငလျင်ဒဏ်ခံနိုင် အောင် Pile Foundation ဖြင့် တည်ဆောက်သွားရန်ဖြစ်ကြောင်း၊ အဆောက်အအုံကို သဘာဝအလင်းရောင်နှင့် လေဝင်လေထွက်ကောင်းမွန်သော၊ လက်ရှိရှေးဟောင်းအဆောင်အအုံဖြစ်သည့် ပြင်ဦးလွင်ဘူတာ၏ Design ပုံစံနှင့် လိုက်လျောညီထွေရှိစေမည့် ဗိသုကာဒီဇိုင်းပုံစံဖြင့် Conceptual Plan ပုံစံအား ရေးဆွဲတင်ပြသွားရန်ဖြစ်ကြောင်း၊ Landscaping နှင့် Drainage System မှအစ စနစ်တကျတွက်ချက် ရေးဆွဲရန်၊3 Stars အဆင့်ရှိသည့် ဟိုတယ်ဖြစ်သဖြင့် ဟိုတယ်အခန်းများသည် အဆင့်နှင့် လျော်ညီသော အကျယ်အဝန်းနှင့် Facility ရှိသည့် Design ပုံစံရှိရန် လိုအပ်ကြောင်း၊ အဆင့်မြင့် ဈေးကိုပါ ထည့်သွင်းတည်ဆောက်ရမည့် Design ပုံစံဖြစ်သဖြင့် ဟိုတယ်တွင် လာရောက်တည်းခိုမည့် ဧည့်သည်များနှင့် ဈေးဝယ်လာရောက်ကြမည့် ဧည့်သည်များအတွက် စံနှုန်းနှင့်ကိုက်ညီသော Facility ရှိရန်လိုကြောင်းပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက ပြောကြားခဲ့သည်။
ထို့နောက် ယာယီသမ္မတ၏လမ်းညွှန်ချက်အရ တည်ဆောက်ရန်လျာထားသည့် ပြင်ဦးလွင်မီးရထား ရိပ်သာနှင့် စက်ခေါင်းစက်ရုံအကြား ဘောလုံးကွင်း အသစ်တည်ဆောက်မည့်မြေနေရာသို့ လည်းကောင်း၊ ရတနာပုံမြို့သစ်စီမံကိန်း၏ ရတနာပုံ Cyber City အဆောက်အအုံများ၊ အိမ်ရာအဆောက်အအုံများ၊ လမ်းများကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

image