ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဧည့်မထဆန် တန်ချိန် (၇၅၀၀) တင်ပို့မည်
ပုသိမ်စက်မှုဇုန်စီမံကိန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ G to G စနစ်ဖြင့် ဧည့်မထ ၅ မှတ်ဆန်တန်ချိန် ၇၅၀၀ တင်ပို့နိုင်ရန်အတွက် ကြိတ်ခွဲထုတ်လုပ်နေကြောင်း သိရသည်။
ကြိတ်ခွဲထုတ်လုပ်မှုများကို ၄၀၀ ကီလိုဝပ် ဆိုလာစနစ်တပ်ဆင်အသုံးပြုပြီး ဆန်များအရည်အသွေးပြည့်မီအောင် စနစ်တကျကြိတ်ခွဲနေကြောင်း သိရသည်။
ပထမအကြိမ်အနေဖြင့် ဆန်တန်ချိန် (၂၅၀၀) ကို တင်ပို့သွားမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း တင်ပို့သည့်ဆန်များ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း တင်ဆောင်နိုင်ရေးနှင့် ပို့ကုန်တင်ပို့ရာတွင် ကုန်သွယ်မှုဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပို့နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယခုနှစ်ကုန်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်ကြမ်းအုပ်စုဝင် ၅ မှတ်ဆန်ဖြူ တန်ချိန် ၅၃,၅၀၀ ကို တင်ပို့သွားမည်ဖြစ်ပြီး MRF နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြား ချုပ်ဆိုခဲ့သည့် စာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သိုလှောင်ရုံထဲအရောက် CIF ဈေး ဆန်ဖြူတစ်တန်ကို အမေရိကန်ဒေါ်လာ ၃၇၆.၅ နှင့် ရောင်းချရန်သဘောတူထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် မြန်မာနှင့်ဆန်တင်သွင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးထားပြီး သဘောတူညီချက်တွေက ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိကြောင်း သိရသည်။