သီရိမင်္ဂလာစျေးနှင့် ရွှေပိတောက်ငါးစျေးတို့ကို နိုင်ငံတော် ယာယီသမ္မတကြည့်ရှုစစ်ဆေး
စျေးများအတွင်း ရေစီးရေလာကောင်းမွန်ရေးကို အဓိကထားမှာကြား

နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့ ဒီဇင်ဘာ ၁၁ ရက်က ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးနှင့် ရွှေပိတောက်ငါးဈေးသို့ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သီရိမင်္ဂလာဈေးအတွင်း ဈေးဆိုင်ခန်းများ၌ ဈေး ရောင်းချနေသူများ၊ ကုန်များလာရောက်ပို့ဆောင်ကြသည့်ကုန်သည်များအား နိုင်ငံတော်ယာယီသမ္မတမှ ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ကုန်များရရှိမှု၊ ဈေးကွက်ရရှိမှု၊ နေ့စဉ်ဈေးရောင်းချရာတွင်ကြုံတွေ့ရမှုများနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော် ယာယီသမ္မတမှ သီရိမင်္ဂလာဈေးအတွင်းသန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေဝင်ရေထွက်မြောင်းများစနစ်တကျဖြစ်စေရေး အပိုင်းလိုက်သတ်မှတ်၍ ရေဆေးခြင်းများ၊ သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို စနစ်တကျကြပ်မတ်ဆောင်ရွက်ရန်၊ ပျက်စီးနေသည့် အမိုးများကိုပြန်လည်ပြုပြင်ရန်၊ လေဝင်လေထွက်စနစ်များကောင်းမွန်စေရေးဆောင်ရွက်ရန်၊ လှိုင်မြစ်ကမ်းနံဘေး၌ ကုန်စိမ်းများလာရောက်ပို့ဆောင်ရာ တွင် စွန့်ပစ်အမှိုက်များအား မြစ်အတွင်းသို့ စွန့်ပစ်ခြင်းများမရှိစေရေးနှင့် စနစ်တကျဖြစ်စေရေးဆောင်ရွက်ရန်တို့ကိုမှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံတော် ယာယီသမ္မတသည် ရွှေပိတောက်ငါးဈေးသို့သွားရောက်၍ ဈေးဆိုင်ခန်းများအလိုက် ဈေးရောင်းချနေသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဈေးရောင်းချရမှုအားမေးမြန်းပြီးအားပေးစကားပြောကြားပြီးနောက် လှိုင်မြစ်နံဘေးရှိ ရွှေပိတောက်ငါးဈေးဆိပ်ခံဗောတံတား၌ ခရီးသည်များနှင့် ငါးကုန်သည်များ၏ သင်္ဘောများ၊ လှေများဆိုက်ကပ်မှု၊ အသုံးပြုမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ တာဝန်ရှိသူများအား ရွှေပိတောက်ငါးဈေးအတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ အမှိုက်စွန့်ပစ်မှုများစနစ်တကျဖြစ်စေရေး၊ ပျက်စီးယိုယွင်းနေမှုများအား အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးရေးတို့ကိုမှာကြားခဲ့ကြောင်း သိရသည်။

image