အာဆင်နယ်အတွက် ပထမဆုံးပွဲ ကစားခွင့်ရလာတဲ့ ဆယ်ကျော်သက်ကစားသမား ဆယ်လမွန်ဆိုတာ ဘယ်သူလဲ?
====================
အာဆင်နယ်လူငယ်ကစားသမားမာလီဆယ်လမွန်ဟာ ဗုဒ္ဓဟူးနေ့ညတုန်းက ကလပ်ဘရုဂျက်နှင့်ပွဲမှာ အရန်ခုံမှ ထလာပြီး အာဆင်နယ်အတွက် ပထမဆုံးစီနီယာပွဲ ကစားခွင့်ရခဲ့ပါတယ်။
အသက် ၁၆ နှစ်၊ ၁၀၃ ရက်ရှိ ဆယ်လမွန်ဟာ အလယ်တန်းကစားသမားအီသန်နဝမ်နရီ၊ မက်စ်ဒေါ်မန်း၊ ဂိုးသမားဂျက်ပေါ်တာတို့ပြီးနောက် အာဆင်နယ်သမိုင်းတွင် စတုတ္ထအသက်အငယ်ဆုံးပွဲကစားခွင့်ရသူ ဖြစ်လာပါတယ်။
မီခေးလ်အာတီတာက "သူက အသင့်ဖြစ်နေခဲ့တယ်။ ပြင်ဆင်မှုလည်း လုပ်ထားတယ်။ အသက် ၁၆ နှစ်မှာ ချန်ပီယံလိဂ်ကစားခွင့်ရတယ်။ သူ့ ဘယ်လောက်တောင် ကြိုးစားထားလဲဆိုတာ ပြသနေတယ်"လို့ ပြောကြားသွားပါတယ်။
ဆယ်လမွန်ဟာ စနေနေတုန်းက ဗီလာအား ရှုံးနိမ့်တဲ့ပွဲစဉ်တွင် အာဆင်နယ်ရဲ့ လူစာရင်းတွင် ပထမဆုံးအကြိမ် ပါဝင်ခွင့် ရရှိပြီးနောက် ကလပ်ဘရုဂျက်နှင့်ပွဲမှာတော့ ပထမဆုံးပွဲ ကစားခွင့်ရလာတာပါ။
သူဟာ နွေရာသီတုန်းက စင်္ကာပူတွင် အေစီမီလန်၊ နယူးကာဆယ်တို့နှင့် ခြေစမ်းပွဲ ကစားခဲ့တဲ့ အာဆင်နယ်ရဲ့ အာရှခရီးစဉ်တွင် လိုက်ပါဝင်ခွင့် ရရှိခဲ့တဲ့ အသက် ၁၅ နှစ် အရွယ်ကစားသမား နှစ်ဦးမှ တစ်ဦးလည်း ဖြစ်ပါတယ်။
ယခုအခါ သူဟာ အာဆင်နယ်ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့် ရနေသလို UEFA Youth League ပြိုင်ပွဲတွင် အာဆင်နယ်ယူ-၁၉ ရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်ပါတယ်။
သူဟာ တိုက်စစ်မှူးတစ်ဦးအဖြစ် ကစားသမားဘဝကို စတင်ခဲ့ပေမယ့်လည်း အာဆင်နယ်တွင် ပထမဆုံးစမ်းသပ်ခံစဉ် ဗဟိုခံစစ်သမားအဖြစ် ကစားပြီးနောက် ဗဟိုခံစစ်မှာပဲ တောက်လျှောက်ကစားလာခဲ့တာပါ။
သူဟာ ဝီလီယမ်ဆာလီဘာ၊ ဂါဘရီရယ်၊ မော့စ်ကွီရာတို့ ဒဏ်ရာပြဿနာများ ကြုံနေရမှုနှင့်အတူ အာဆင်နယ်ပထမအသင်းမှာ အခွင့်အရေးရလာတာပါ။
အာတီတာက "သူက ဗဟိုခံစစ်မှာရော နောက်တန်းအစွန်မှာပါ ကစားနိုင်တယ်။ ကျွန်တော် ဝမ်းသာတယ်"လို့ ပြောကြားသွားပါတယ်။
သူဟာ ဩဂုတ်လတုန်းက အာဆင်နယ်ပထမအသင်းနှင့်အတူ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းဆင်းခွင့် ရပြီးနောက် အာရှခရီးသို့ လိုက်ပါခွင့်ရခဲ့တာပါ။
အာဆင်နယ်ပရိသတ်တွေက သူ့ရဲ့ သွေးအေးအေးဖြင့် ကစားနိုင်မှု၊ ပွဲဖတ်မှု ပါးနပ်မှုတို့ကြောင့် ဆာလီဘာလက်သစ်အဖြစ် ချစ်စနိုးခေါ်ဝေါ်ကြပါတယ်။
ဆယ်လမွန်ဟာ အာဆင်နယ်အကယ်ဒမီထွက် အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး ယခုအခါ ကစားသမားဘဝ ပထမဆုံးနှင့် အကောင်းဆုံးခြေလှမ်းအဖြစ် ချန်ပီယံလိဂ်မှာ ပထမဆုံးပွဲ ကစားခွင့်ရလာခဲ့ပြီ ဖြစ်ပါတယ်။