ရီးရဲလ်မက်ဒရစ်တွင် ဘာများ မှားယွင်းနေသလဲ ဘယ်လင်ဂမ် ဖွင့်ဟလာ
==================

ဂျူ့ဘယ်လင်ဂမ်က ရီးရဲလ်မက်ဒရစ်မှာ ရလဒ်ကောင်း ရရှိရေးအတွက် အစွမ်းကုန် ရုန်းကန်နေကြောင်းနှင့် ဖိအားများအောက် ကျရောက်နေတဲ့ နည်းပြဇာဘီအလွန်ဆိုကို အပြည့်အဝထောက်ခံနေဆဲ ဖြစ်ကြောင်း ပြောကြားလာပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါနောက်ဆုံး ၅ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရကာ ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ၄ မှတ်ကွာဟနေပါတယ်။
တဖက်တွင် ရီးရဲလ်မက်ဒရစ်ဟာ ဗုဒ္ဓဟူးနေ့ည ချန်ပီယံလိဂ်ပွဲစဉ်တွင်လည်း မန်စီးတီးကို ဦးဆောင်ကစားနိုင်ပြီးမှ ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။
အလွန်ဆိုဟာ မန်စီးတီးရှုံးပွဲကြောင့် လေဗာကူဆင်မှ ရောက်လာပြီး လအနည်းငယ်အကြာတွင်ပင် ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရမယ့်အရေးနှင့် ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်ရှိ အလယ်တန်းကစားသမားက "အပြင်ဘက် ဘာတွေ ဖြစ်နေ ဖြစ်နေ အဝတ်အစားလဲခန်းအတွင်းမှာပဲ ကြိုးစားနေကြတုန်းပါ။ အကူအညီမဖြစ်တာ သိပါတယ်။ တစ်ခုက ပွဲတွေကို ကိုင်တွယ်ပုံပါ။ ဒီလိုချည်းပဲ ဂိုးတွေ ပေးနေရရင် နာကျင်ရမှာပါပဲ။ နောက်ဆုတ်နေရမှာပဲ။ ဒါက ကျွန်တော်တို့ မကစားချင်တဲ့ပုံစံနဲ့ ကစားနေရစေတယ်။ ဒါပေမယ့် အဝတ်အစားလဲခန်းမှာ အခြေအနေ အလှည့်အပြောင်း ဖြစ်လာရေး လိုအပ်တာ လုပ်ရမယ်။ ကံကောင်းမှု အနည်းငယ် ဒါမှမဟုတ် အတွင်းပိုင်း ဆွေးနွေးမှု အနည်းငယ် လိုအပ်ရင်လည်း လိုအပ်နေလိမ့်မယ်။ ကျွန်တော်တို့ ခြေစွမ်းတစ်ဖြတ်ဆိုးရွားနေလို့ ဒီရာသီ ပြီးဆုံးသွားပြီလို့တော့ မယုံကြည်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ဒါပေမယ့် ဂျူ့ဘယ်လင်ဂမ်က ရီးရဲလ်မက်ဒရစ်အသင်းသားများက အလွန်ဆိုအပေါ်တွင် အပြည့်အဝ ယုံကြည်နေဆဲဖြစ်ပြီး ထုတ်ပယ်သင့်တယ်လို့ မယုံကြည်ကြောင်းလည်း ဆိုသွားပါတယ်။
ဘယ်လင်ဂမ်က "ရာနှုန်းပြည့်ထောက်ခံပေးတုန်းပါ။ ဒီမန်နေဂျာက အရမ်းတော်တယ်။ သူနဲ့ ပုဂ္ဂိုလ်ရေးအရ ကောင်မွန်တဲ့ ဆက်ဆံရေး ရှိတယ်။ အခြားကစားဖော်တွေလည်း ဒီအတိုင်းပါ။ သရေဆက်တိုက်ကျပြီးတဲ့နောက် ကျွန်တော်တို့ အသင်းအတွင်း ဆွေးနွေးခဲ့ကြတယ်။ အားလုံးကလည်း ခြေစွမ်းနိမ့်နေတယ်လို့ လက်ခံကြတယ်။ ဘယ်သူမှ အပြစ်တင်မနေကြပါဘူး။ ဘယ်သူမှလည်း စောဒကတက်မနေပါဘူး။ ငြီးတွားမနေကြပါဘူး။ ကျွန်တော်တို့ ဆက်ပြီးတော့ တိုက်ပွဲဝင်နေကြပါတယ်"လို့ ပြောကြားသွားပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် တနင်္ဂနွေနေ့တွင် အလာဗက်စ်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရပါမယ်။

image