ယူရိုပါလိဂ်လူစာရင်းတွင် ချန်လှပ်က အီးလီးယော့ရဲ့ ဗီလာကစားသမားဘဝကို အမ်မရီ အဆုံးသတ်လာ
===================

အူနိုင်းအမ်မရီဟာ ဟာဗေးအီးလီးယော့ရဲ့ ဗီလာကစားသမားဘဝအား အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။
လီဗာပူးမှ အငှားဖြင့် လာရောက်ကစားနေတဲ့ အီးလီးယော့ဟာ ယနေ့ညတွင် ဘေဆယ်အား အဝေးကွင်းတွင် ရင်ဆိုင်ကစားရမယ့် ဗီလာလူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
အင်္ဂလန်ယူ-၂၁ အသင်းခေါင်းဆောင်ဟောင်းဟာ လာမယ့်နွေရာသီတွင် ပေါင် ၃၅ သန်းဖြင့် ဗီလာသို့ အပြီးသတ်ပြောင်းရွှေ့နိုင်ရန်အတွက် ၁၀ ပွဲကစားခွင့် ရရှိရန် လိုအပ်ပါတယ်။
ဒါပေမယ့် သူဟာ ဗီလာအတွက် ၅ ပွဲတည်းသာ ကစားခွင့်ရထားပြီး နောက်ဆုံးပွဲ ကစားခွင့် ရခဲ့တာ လွန်ခဲ့တဲ့နှစ်လတုန်းက ဖီယင်နုအား အနိုင်ရတဲ့ ယူရိုပါလိဂ်ပွဲမှာ ဖြစ်ပါတယ်။
ယခုအနေအထားကြောင့် ဟာဗေးအီးလီးယော့ဟာ ဗီလာသို့ အပြီးသတ်ပြောင်းခွင့်ရလာဖို့ မရှိတော့ဘဲ လီဗာပူးသို့ ပြန်ရမယ့်ကိန်းဆိုက်နေပြီ ဖြစ်ပါတယ်။
အမ်မရီက "ကျွန်တော်တို့နဲ့ သူ မပါလာပါဘူး။ သူ့အခြေအနေနဲ့ပတ်သက်ပြီး သူနဲ့ စကားပြောခဲ့ပါတယ်။ သူ့အတွက်ရော ကျွန်တော်တို့အတွက်ရော အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်ပါတယ်။ သူ့ကို ကစားသမားတစ်ဦးအနေနဲ့ရော ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ပါ လေးစားပါတယ်။ သူ ကောင်းကောင်းလေ့ကျင့်ပါတယ်။ ဒါပေမယ့် သူနဲ့ပတ်သက်ပြီး အခြေအနေတစ်ရပ် ရှိနေပါတယ်။ သူ ဆက်တိုက် ကစားနိုင်ဖို့ အဖြေတစ်ခုရှာနိုင်ဖို့ မျှော်လင့်ပါတယ်။ သူ့ကစားသမားဘဝ ကျွန်တော့်တို့အတွက် မဟုတ်ရင်တောင် အခြားတစ်ခုမှာ ရှေ့ဆက်နိုင်ဖို့ ကြိုးစားပေးသွားပါမယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး သူနဲ့ နှစ်ကြိမ် သုံးကြိမ်စကားပြောပြီးပါပြီ။ သူက အငှားကစားသမားပါ။ ကျွန်တော်တို့ဆီက အပြီးသတ်ပြောင်းလာမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
အီးလီးယော့အတွက် ပြဿနာတစ်ခုက ယခုရာသီတွင် လီဗာပူးအတွက်ရော ဗီလာအတွက်ပါ ကစားထားပြီးဖြစ်ရာ အခြားပရီးမီးယားလိဂ်ကလပ်တစ်ခုသို့ ပြောင်းပြီး တစ်ရာသီတည်း သုံးခုမြောက်မှာ ကစားခွင့်မရှိတာပါ။
ဒါကြောင့် အီးလီးယော့အနေဖြင့် နိုင်ငံခြားကလပ်တစ်ခုသို့သာ အငှားဖြင့် ပြောင်းကစားလာရဖို့ ရှိနေပါတယ်။

image