၁ ဂိုးတည်းသွင်းပြီး ရှုံးပွဲ ၃ ပွဲ ကြုံခဲ့ပေမယ့်လည်း စီးရီးအေတစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလိပ်ကစားသမားဖြစ်လာတဲ့ ဗာဒီ
=====================
ဂျေမီဗာဒီဟာ ခရီမိုနက်စ်နှင့်အတူ ခြေစွမ်းပြကစားနိုင်ခဲ့ပြီးနောက် နိုဝင်ဘာလအတွက် တစ်လတာအကောင်းဆုံးစီးရီးအေတစ်လတာအကောင်းဆုံးကစားသမားဆုအား ဆွတ်ခူးလာပါတယ်။
အသက် ၃၈ နှစ်ရှိ ဗာဒီဟာ နွေရာသီတုန်းက ၁၃ နှစ်ကြာ ကစားလာတဲ့ လက်စတာမှ ထွက်ခွာပြီးနောက် စီးရီးအေကလပ်သို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းခဲ့သူ ဖြစ်ပါတယ်။
ဝါရင့်တိုက်စစ်မှူးဟာ ခရီမိုနက်စ်နှင့် တစ်နှစ်စာချုပ်ဆိုခဲ့တာ ဖြစ်ပြီး တန်းမဆင်းရလျှင် တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကို ထည့်သွင်းချုပ်ဆိုထားပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟောင်းဟာ ဒါဗီဒီနီကိုလာရဲ့အသင်းသို့ ရောက်လာပြီးကတည်းက အဓိကကစားသမားအဖြစ် ခြေစွမ်းပြလာနိုင်ခဲ့ပါတယ်။
ယခုအခါ သူဟာ စီးရီးအေတစ်လတာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးအင်္ဂလိပ်ကစားသမား ဖြစ်လာခဲ့ပါတယ်။
အီတလီဘောလုံးလောကတွင် ပေါလ်ဂတ်စကွိုင်နီ၊ ဒေးဗစ်ဘက်ဟမ်း၊ ပေါလ်အင့်တို့ ကစားခဲ့ဖူးပေမယ့်လည်း အီတလီတစ်လတာအကောင်းဆုံးကစားသမားဆုအား ဆွတ်ခူးခဲ့ကြဖူးခြင်း မရှိပါဘူး။
ဗာဒီဟာ နိုဝင်ဘာလအတွင်း ဂျူဗင်တပ်အား ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲတွင်သာ ဂိုးသွင်းခဲ့သလို နိုဝင်ဘာလအတွင်း ရှုံ့းပွဲ ၃ ပွဲအထိ ကြုံတွေ့ရပေမယ့်လည်း ခြေစွမ်းအပေါ် ပရိသတ်များရဲ့ အသိအမှတ်ပြုခြင်းခံလာရတာလည်း ဖြစ်ပါတယ်။
ဗာဒီဟာ အေစီမီလန်ဂိုးသမားမိုက်မိုင်နန်၊ အင်တာမီလန်တိုက်စစ်မှူးလူသာရိုမာတီနက်ဇ်၊ နာပိုလီရဲ့ ဒေးဗစ်နီရက်စ်၊ ဂျီနိုအာရဲ့ လီယိုအိုစတီဂတ်၊ အူဒီးနီးစ်ရဲ့ နီကိုလိုဇာနီအိုလိုတို့အား ကျော်ဖြတ်ကာ မဲအများဆုံး ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဗာဒီဟာ စီးရီးအေအမှတ်ပေးဇယားအဆင့် ၉ နေရာတွင် ရပ်တည်နေတဲ့ ခရီမိုနက်စ်ရဲ့ နောက်ဆုံး ၈ ပွဲလုံး ပွဲထွက်ကစားထားသူ ဖြစ်ပြီး ဒီဇင်ဘာလ ၁ ရက်နေ့တုန်းက ဘိုလော့ဂ်နာအား ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင်လည်း ဂိုးသွင်းနိုင်ခဲ့ပါတယ်။