ဘာစီလိုနာတွင် ဖိအားမခံစားရဘဲ ကစားနေရကြောင်း ရက်ဖို့ဒ် ပြောကြားလာ
=====================

မားကပ်စ်ရက်ဖို့ဒ်က ဘာစီလိုနာတွင် ဖိအားတစုံတရာ မခံစားရဘဲ ကစားနေရကြောင်းနှင့် ဘောလုံးဘာသာစကားသစ်တွင် ပျော်ရွှင်နေကြောင်း ပြောကြားလာပါတယ်။
အသက် ၂၈ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟာ နွေရာသီတုန်းက ယူနိုက်တက်မှ ဘာစီလိုနာသို့ အငှားဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
သူဟာ ဘာစီလိုနာသို့ ရောက်လာပြီးနောက် ပြိုင်ပွဲအရပ်ရပ် ၂၁ ပွဲကစားထားရာမှာ ၆ ဂိုးသွင်းပြီး ၈ ကြိမ် ဖန်တီးမှု ပြုလုပ်ထားပါတယ်။
ရက်ဖို့ဒ်က "ဒီမှာ ဖိအားလိုမျိုးအရာတွေ မခံစားရပါဘူး။ ဘောလုံးကစားဖို့ ရောက်လာရုံသက်သက်ပါ"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ရက်ဖို့ဒ်က ဘာစီလိုနာမှာ ငယ်စဉ်ကတည်းက သူအကြိုက်ဆုံး နိုင်ငံခြားကလပ်တစ်ခု ဖြစ်ကြောင်းနှင့် ဘာစီလိုနာတွင် နေထိုင်နေရင်း လူနေမှုဘဝသစ်၊ ဘောလုံးဘာသာစကားသစ်တွင် ပျော်ရွှင်နေကြောင်းလည်း ဆိုသွားပါတယ်။
ရက်ဖို့ဒ်ဟာ ယူနိုက်တက်တွင် ကစားသမားဘဝစတင်ကာ ၄၂၆ ပွဲကစားခဲ့ရာမှာ ၁၃၈ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ပြီး အဓိကဆုဖလား ၅ လုံး ဆွတ်ခူးခဲ့ပါတယ်။
ဒါပေမယ့် သူဟာ နည်းပြသစ်ရူဘင်အမိုရမ်လက်အောက်တွင် ရုန်းကန်ရပြီးနောက် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ဗီလာသို့ ခြောက်လအငှားဖြင့် သွားကစားခဲ့ရပါတယ်။
သူဟာ ဗီလာတွင် ကစားစဉ် ခြေစွမ်းပြနိုင်မှုကြောင့် သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်းတွင် ပြန်လည်ရွေးချယ်ခြင်းခံလာခဲ့ရပါတယ်။
လာလီဂါဖလားအား ၂၈ ကြိမ် ဆွတ်ခူးထားတဲ့ ဘာစီလိုနာဟာ နွေရာသီတွင် မားကပ်စ်ရက်ဖို့ဒ်အား ပေါင် ၃၀.၃ သန်း(ယူရို ၃၅ သန်း)ဖြင့် အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ကိုလည်း ထည့်သွင်းထားပါတယ်။
ဆက်လက်ပြီး ရက်ဖို့ဒ်က "ဒါက ဘောလုံးဘာသာစကားသစ်ပါ။ ကမ္ဘာက အခြားလူတွေအများကြီးလိုပဲ စပိန်ဘောလုံးကို အရမ်းသဘောကျလာတဲ့သူပါ"လို့ ဆိုသွားပါတယ်။
ဘာစီလိုနာဟာ လာလီဂါပွဲ ၅ ပွဲဆက်တိုက် နိုင်ပွဲ ရရှိထားကာ ရီးရဲလ်မက်ဒရစ်အား ၄ မှတ်ဖြတ်ကာ လာလီဂါကို ဦးဆောင်နေပါတယ်။
ဒါ့အပြင် ရက်ဖို့ဒ်က "ဒီကလပ်က ဒါကို (နိုင်ပွဲ)တောင်းဆိုတဲ့ ကလပ်ပါ။ ဒီပတ်ဝန်းကျင်က ကျွန်တော်တို့ကို အကောင်းဆုံးကစားသမားဖြစ်လာဖို့ တွန်းအားပေးတယ်။ ကစားသမားတစ်ယောက်အတွက် အကောင်းဆုံးကစားသမားဖြစ်လာဖို့ အပြီးပြည့်စုံဆိုနေရာလည်း ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။

image